ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းဖွင့်ပွဲတက်ရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ကို သီးခြားစီ လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၄

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် အငယ်တန်းအင်ဂျင်နီယာ(၂) ဝန်ထမ်း(၄၉)ဦးကို လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချနိုင်စေရန် ဓာတ်အားပေးစက်ရုံများ ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဓာတ်အားပေးစက်များ၏ အလုပ်လုပ်ပုံတို့ကို စာတွေ့၊ လက်တွေ့ဖြင့်ပေါင်းစပ်၍ ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ ချပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားပေးသည့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင်စေရန် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာ ဝန်ထမ်းကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။    

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီး H.E. Mr. Vinay Kumar နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံနယ် စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဆိုင်ရာကိစ္စနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့်ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စနှင့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အား လိုင်းစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံသံရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)