ရန်ကုန် ၆  ဧပြီ

 

CVT Myanmar အလုပ်သင် သင်တန်းသားများအား အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Strand Hotel ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပုံမှန်ကျောင်းပညာ ဆက်လက်သင်ကြားရန် အခက်အခဲရှိသူများအတွက် ၃ နှစ်သက်တမ်းရှိ စီးပွားရေးပညာ၊ လျှပ်စစ်ကျွမ်းကျင်မှုနှင့် ပရိဘောဂပြုလုပ်မှု အတတ်ပညာ အထောက်အကူပြုသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာ သင်တန်း အပါအဝင် အသက်မွေးမှု ပညာရပ်ဆိုင်ရာ သင်တန်း ၅ မျိုး ဖွင့်လှစ် ပို့ချခဲ့ကြောင်း၊ အဆိုပါ သင်တန်းဆင်းများအနေဖြင့် လက်ရှိလုပ်ငန်းခွင်တွင် အရည်အသွေး ပိုမိုတိုးတက် မြင့်မားအောင် ဆက်လက်လေ့ကျင့် သင်ကြားကြရန်လိုအပ်ကြောင်း၊ လူငယ်များ၏ အနာဂတ် ဘဝလုံခြုံမှုရှိရေး လုပ်ငန်းခွင်အတွင်း တီထွင်ဖန်တီးမှုစွမ်းအားနှင့် စွမ်းဆောင်ရည်ပြည့်ဝသော ကျွမ်းကျင်ပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) ကို အကောင်အထည် ဖော်ရာတွင် အကျိုးပြုမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ မြန်မာလုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလုပ်အကိုင် ၅ မျိုးအတွက် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ကြသည်။

 

CVT Myanmar သည်  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြန်မာ လူငယ်များ အသက်မွေးမှု အတတ်ပညာနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာ သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

mdn