နေပြည်တော် ၇ မေ

 


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား ယမန်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ဖြစ်ပွားသည့် အလုပ်သမားရေးရာ ကိစ္စရပ်များ၌ အေဂျင်စီအဖွဲ့ချုပ်အနေဖြင့် အလုပ်သမား သံအရာရှိနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ယနေ့ ခေတ်သည် ပွင့်လင်းမြင်သာသည့် ခေတ်ဖြစ်ရာ အလုပ်သမားများ၏ မကျေနပ်ချက်များ၊ အခက်အခဲ တိုင်ကြားမှုများရှိလာကြောင်း၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် မူဝါဒများ ချမှတ်ထားသော်လည်း အချို့ကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်ရာ၌ အခက်အခဲ အနည်းငယ်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီအဖွဲ့ချုပ်သာမက အေဂျင်စီအားလုံးနှင့် တွေ့ဆုံပြီးကြုံတွေ့နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများရရှိနိုင်ကြောင်း၊ မကြာမီကာလအတွင်း ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့သည် ထိုင်းနိုင်ငံသို့သွားရောက်ကာ နှစ်နိုင်ငံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ အစည်းအဝေး ကျင်းပဆွေးနွေးရန်ရှိကြောင်း၊ အဆိုပါအစည်းအဝေး၌ အေဂျင်စီများမှ ဆွေးနွေးပေးစေလိုသည့် အချက်များရှိက ထည့်သွင်းဆွေးနွေးနိုင်ကြောင်း၊ ပြီးခဲ့သည့် ဧပြီလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး၌ မိမိအနေဖြင့် လာအိုနိုင်ငံ၊ အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ လာအိုနိုင်ငံ၌ တရားမဝင်လာရောက် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများစွာ ရှိသဖြင့် နှစ်နိုင်ငံ MoU ရေးထိုးနိုင်ရေး၊ အဆိုပါအလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း၊ အလားတူ ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများ ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်းသို့ သင်တန်းသားအလုပ်သမားများ စတင်စေလွှတ်နေကြောင်း။ 

 


ကိုရီးယားသမ္မတနိုင်ငံသို့ ငါးဖမ်းလုပ်ငန်းအတွက် အလုပ်သမားစေလွှတ်ခွင့်များ ရရှိပြီးဖြစ်ကြောင်း၊ EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရေး စာမေးပွဲအောင်မြင်ပြီးသူများ တန်းစီဇယား၌ကျန်ရှိနေသေးသဖြင့် အလုပ်သမားများ မလိုအပ်ပဲ ငွေကုန်ကြေးကျမှု မရှိစေရေးအတွက် ယခုနှစ်တွင်စာမေးပွဲမကျင်းပသေးခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ၌ CI ထုတ်ပေးသည့် စခန်းကိုမဟာချိုင်သို့ ပြောင်းရွှေ့ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များကို တစ်ဦးတစ်ဖွဲ့ခြင်းစီ ဆောင်ရွက်မည်ဆိုပါက အခက်အခဲများစွာရှိ၍ သက်ဆိုင်သူများအားလုံး အဖွဲ့အစည်းများအားလုံး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်၍ ထိုသို့ဆောင်ရွက်မှုများကို မလွဲမရှောင်သာ၍ အရေးယူရသည်များရှိရာ လုပ်ငန်းဆောင်ရွက်မှုအပိုင်းများတွင် နားလည်ပေးစေလိုကြောင်း၊ အေဂျင်စီအဖွဲ့ချုပ်၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေးလာရောက်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြနိုင်ကြောင်း၊ အလုပ်သမားအကျိုး၊ အေဂျင်စီ၏အကျိုး၊ နိုင်ငံ၏အကျိုးဖြစ်ထွန်းစေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 


မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဆပ်လုပ်ငန်းကော်မတီအလိုက် ပြန်လည်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 

 


(သတင်းစဉ်)