ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာစရိယစာဖြေဌာန၌ စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ စာဖြေသံဃာနှင့် သီလရှင်များအား ဖူးမြော်

 

ရန်ကုန် မတ် ၃၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ် ဟံသာသီရိကုန်းမြေရှိ ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည် ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်၊ ကပ္ပိယကျောင်းဆောင်များအား ပြုပြင်ပြီးစီးမှု အခြေအနေနှင့် အမိုးပါ ကားပါကင်ဆောင်ရွက်မှု၊ ဝန်ထမ်းအိမ်ရာများအား နံရံပြုလုပ်မှု၊ ဂါလံ (၁၀၀၀၀) ဆံ့ ရေလှောင်ကန်ပြုလုပ်မှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံမှု၊ ပြင်ပလျှပ်စစ်မီးနှင့် အခြားဆက်စပ်လုပ်ငန်းများ၊ ဟံသာသီရိကုန်းမြေ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရား ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန် စာဖြေဌာန၌ အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိကြသော သံဃာတော်များ၊ သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် စာဖြေဌာနရှိ ဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော်များကို ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် နဝကမ္မအလှူတော်ငွေ (၅) သိန်းကျပ် ဆက်ကပ်လှူဒါန်းပြီး အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား လှည့်လည်ဖူးမြော်ကြည် ညိုသည်။

၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စာဖြေဌာန (၆၇) ဌာန၌ မတ်လ (၂၈) ရက်နေ့မှစတင်၍ ကျင်းပဖြေဆိုလျက်ရှိပြီး ယနေ့ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာ (ဒုတိယနေ့) တွင် စာရင်းသွင်း (၁၃၆၈၆) ပါး/ဦး၊ ဖြေဆို (၁၀၉၂၇) ပါး/ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရဓမ္မာစရိယစာဖြေဌာန (၁၆) ဌာန၌ စာရင်းသွင်း (၄၇၆၂) ပါး/ဦး၊ ဖြေဆို (၃၉၇၂)ပါး/ဦးနှင့် မြောက်ဥက္ကလာပမြို့နယ် မယ်လမုဘုရား ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန် စာဖြေဌာန၌ စာရင်းသွင်း (၃၁၁) ပါး၊ ဖြေဆို (၂၆၈) ပါးတို့ ဝင်ရောက် ဖြေဆိုကြောင်းသိရသည်။

သတင်းစဉ်