ချင်းတောင် ၂ ဧပြီ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူသမ္မတနိုင်ငံ ဆန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့ရှိ အရှေ့ပိုင်း ရုပ်ရှင်မြို့တော်တွင် ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းတောင်မြို့ ပင်လယ်ကမ်းခြေ၊ လင်စမ်းဝင် ရုပ်ရှင်ထုတ်လုပ်ရေးဇုန်ရှိ ချင်းတောင်အရှေ့ပိုင်း ရုပ်ရှင်မြို့တော် ( Qingdao Oriental Movie Metropolis) သို့ ရောက်ရှိကြပြီး စတူဒီယို အဆောက်အဦများအတွင်း Space Ship အပါအဝင် ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်ထားရှိမှုများနှင့် ရေအောက် ရိုက်ကွင်းအတွက် ပြင်ဆင်ထားမှုကိုလည်းကောင်း၊ ပြင်ပရိုက်ကွင်းများနှင့် ရေအောက် ဇာတ်စင်ရိုက်ကွင်းကို လည်းကောင်း၊ Digital LAB အတွင်း Sound System ဖြင့် အသံတည်းဖြတ်မှုကို လည်းကောင်း၊ ချင်းတောင်ဆူးနပ်၊ ရုပ်ရှင်ရပ်ဝန်း ( Qingdao Sunac Movie Park) အတွင်းရှိ Cinema- X ရုပ်ရှင်ရုံတွင် သုံးဘက်မြင် (၂၇၀) ဒီဂရီ ရုပ်ရှင်နမူနာပြသမှုကိုလည်းကောင်း၊ ဈေးဝယ်စင်တာ (Movie Market) ကိုလည်းကောင်း၊ စကိတ်ကွင်းနှင့် ကလေးကစားရုံများကို လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချင်းတောင်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ညနေပိုင်းတွင် ဘေကျင်းမြို့သို့ရောက်ရှိကြ သည်။
ချင်းတောင်အရှေ့ပိုင်းရုပ်ရှင်မြို့တော်သည် (၁၆၆) ဟက်တာ (ဧက-၄၁၀) ကျယ်ဝန်းပြီး ရုပ်ရှင်ထုတ်လုပ်ရေးဇုန်တွင် အဆင့်မြင့်စတူဒီယို အဆောက်အဦ (၃၀) ကို ၂၀၁၃ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည်။ စတူဒီယိုအဆောက်အဦ (၁၀) လုံးမှာ ဆောက်လုပ်ဆဲဖြစ်ပြီး (၅၂) ာလုံးအထိ ဆောက်လုပ်ရန် ရည်မှန်းထားသည်။ ဆောက်လုပ်ပြီးစတူဒီယိုများကို ၂၀၁၈ ခုနှစ် ဧပြီ(၂၈)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းတွင် စတုရန်းမီတာ တစ်သောင်းကျော် ကျယ်ဝန်းသည့် အဆောက်အဦ (၁)လုံး ပါဝင်ကာ ကမ္ဘာ့အကြီးဆုံး စတူဒီယိုအဖြစ်မှတ်တမ်းဝင်ထားသည်။
Indoor, Outdoor ရိုက်ကူးနိုင်သည့် ရေအောက်စတူဒီယိုများလည်းပါဝင်ပြီး Outdoor ရိုက်ကွင်းများမှာ ဟက်တာ(၆၀) ကျယ်ဝန်းသည်။ ရုပ်ရှင်ရိုက်ကူးရေး အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်ထုတ်လုပ်ရေး စက်ရုံများမှစ၍ တည်းဖြတ်ရေးလုပ်ငန်း နေရာများလည်း ပါဝင်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ မှစတင်ပြီး အမေရိကန်နိုင်ငံမှ နာမည်ကြီးရုပ်ရှင်ကုမ္မဏီ (၉)ခုနှင့် ဟောလီးဝုဒ် ရုပ်ရှင်(၁၁)ကားရိုက်ကူးရန် စာချုပ်ချုပ်ဆိုထားသည်။
ချင်းတောင်ရုပ်ရှင်မြို့တော်တွင် ရုပ်ရှင်ပြတိုက် ဟိုတယ်ဇုန်၊ ဈေးဝယ်စင်တာ၊ ပြဇာတ်ရုံ၊ နိုင်ငံတကာစာသင်ကျောင်း၊ လှေဆိပ်နှင့် ပန်းခြံများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး နည်းပညာအဆင့်မြင့်မားဆုံး စတူဒီယိုများပါဝင်သည့် ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ထုတ်လုပ်ရေးဇုန်နှင့် “အရှေ့ပိုင်းဟောလီးဝုဒ်” ဟု တင်စားထားသည်။ ရုပ်ရှင်မြို့တော် တည်ထောင်နိုင်မှုကြောင့် တရုတ်နိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း အရည်အသွေး တိုးတက်စေရန် ကူညီနိုင်သည့်အပြင် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု၊ ခရီးသွားလုပ်ငန်းများအတွက်လည်း အထောက်အပံ့များ ရရှိနေကြောင်း သိရသည်။
(သတင်းစဉ်)


