နေပြည်တော် ၂၉  မတ်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.Lee Sang-hwa  နှင့် အဖွဲ့အားလက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကိုးရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်သွားရောက်အလုပ်လုပ်ကိုင် နေ သည့် အလုပ်သမားများနှင့်ပတ်သက်၍လည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် စာမေးပွဲဖြေဆို အောင်မြင်ပြီးသူ ၉၀ဝ၀ ဦးနှင့်ပတ်သက်၍ ကိုရီးယားနိုင်ငံသို့ အမြန်ဆုံးသွားရောက်နိုင်ရေးနှင့် ကာလကြာရှည်စောင့်ဆိုင်းရသည့် ကိစ္စရပ်များ ၊ ကိုရီးယားနိုင်ငံရှိ KB Bank ၏ ကူညီပံ့ပိုးမှုဖြင့် သင်တန်းဖွင့်လှစ်မှုအခြေအနေများ၊ ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားများ မိသားစုများထံသို့ ငွေလွှဲ့ပို့နိုင်မှု အခြေအနေ များ၊ ကိုရီးယားနိုင်ငံသို့ ရေလုပ်သားပို့ဆောင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)