ပြည်တွင်း စားသုံးဆီ လိုအပ်ချက် ပြည့်မီစေရေး အထူးစီမံချက် ရေးဆွဲ အကောင်အထည်ဖော် 

နေပြည်တော်၊ မတ် ၉
 ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများကို ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဇုန်တာဝန်ခံများ ဌာနတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ က အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
 အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းဖူလုံမှုရှိစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ စိုက်ပျိုးရမည့် ပမာဏအတိုင်း စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း၏ ရှေ့ပြေးလုပ်ငန်းစဉ်ကို ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ (၃) မျိုးကို နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့် စီမံကိန်းရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ချေးငွေပံ့ပိုးမှုအနေဖြင့် မြေပဲ တစ်ဧကလျှင် ငွေကျပ် (၃) သိန်း၊ နှမ်း တစ်ဧေလျှင် ငွေကျပ် (၁ ဒသမ ၅) သိန်းနှင့် နေကြာ တစ်ဧကလျှင် ငွေကျပ် (၂) သိန်းနှင့် ညီမျှသည့် သွင်းအားစုများထောက်ပံ့ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် စာချုပ်များ ချုပ်ဆိုဆောင်ရွက်လျက်ရှိကြောင်း။
 လာမည့် မိုးနှင့် ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင်မြင်စေရန်အတွက် ဆီထွက်သီးနှံ အထူးအထွက်တိုးဇုန်များသတ်မှတ်၍ ဇုန်တာဝန်ခံများခန့်အပ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ အထူးအထွက်တိုးရေး ဇုန်တာဝန်ခံများ၏ လုပ်ငန်းတာဝန်များအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ အထူးဇုန် လျာထားဧက ပြည့်မီရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း၊ စီမံကိန်း၏ ရည်မှန်းချက်များ အောင်မြင်ရေး အတွက် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းအဆင့်တိုင်းတွင် အချိန်မီဆောင်ရွက်ရန် တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့များကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ အထူးဇုန်အလိုက် စိုက်ဧရိယာများတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်ခြင်း၊ ဆီထွက်သီးနှံ အထူးဇုန် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို တိုင်းဒေသကြီး ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် သတ်မှတ်ထားရှိကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ဇုန်တာဝန်ခံများက ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကိုလည်းကောင်း တင်ပြကြရာ ဒုတိယဝန်ကြီးများ က သုံးသပ်ဆွေးနွေးကြပြီး ဦးစီး ဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
  ၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍  ပြည်တွင်း စားသုံးဆီ လိုအပ်ချက် ပြည့်မီစေရေး ရည်မှန်းချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အထူးစီမံချက်များရေးဆွဲ၍ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ စားသုံးဆီ ဖူလုံစေရေး အစီအမံများ လျာထားဆောင်ရွက်လျက်ရှိရာ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ဇုန်အလိုက်စိုက်ပျိုးမည့် အစီအစဉ်အား ၂၀၂၄-၂၀၂၅ ခုနှစ်မှစတင်၍ ဆောင်ရွက်မည် ဖြစ်သည်။ အထူးအထွက်တိုးရေးဇုန်များ သတ်မှတ်ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းပညာ ပြည့်စုံကောင်းမွန်စေရန်နှင့်  တောင်သူများကို အကြံဉာဏ်များ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများအား အရည်အချင်းအလိုက် စိစစ်ရွေးချယ်၍ တာဝန်ပေးအပ်ထားပြီး တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှု၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်မှုတို့ဖြင့် ဆီထွက်သီးနှံ အထွက်နှုန်း တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်