ပြည်တွင်းစားသုံးဆီကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ကြမယ့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ထုတ်ဆွေး


ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက်လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက “ဆွေးနွေးပွဲမကျင်းပမီ ဧပြီ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်တွေကို နိုင်ငံတော်အကြီးအကဲဆီကို တင်ပြပြီး အတည်ပြုချက် ရယူခဲ့ပါတယ်။ ဒီလိုအတည်ပြုချက်ရယူခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးကို တာဝန်ယူဆောင်ရွက်ဖို့နဲ့ ဆီစက်ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေချမှတ်ကာ လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ရေး စက်မှုဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ပုဂ္ဂလိက ဆီစက်လုပ်ငန်းတွေကို မှတ်ပုံတင်ပေးတာ၊ ဆီစက်လုပ်ငန်းအပါအဝင် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကဆောင်ရွက်နေတဲ့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဒီတာဝန်တွေဆောင်ရွက်ဖို့ တာဝန်ရှိလာတဲ့အတွက် အလုပ်ရုံဆွေးနွေးပွဲမှာ မူဝါဒတွေ၊ ရှေ့ဆက်ဆောင်ရွက်ရမယ့် ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ဖို့ ဒီပွဲမှာ အဓိကနေရာကနေ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
အပိုင်း (၄) ခု ဆွေးနွေး
ပြည်တွင်းစားသုံးဆီဖူလုံစေရန် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်တွင်းဆီစက် များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် ပြည်တွင်းဆီကြိတ်စက်များအတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ်ရရှိစေရေး၊ လိုအပ်သော ဆီ (တန်ချိန်) များအား ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဆီစက်များမှ ထွက်ရှိလာသော စားသုံးဆီကုန်ချောများ ဈေးကွက်စဉ်ဆက်မပြတ်ရရှိရေးနှင့် ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာထုတ်လုပ်မှုကဏ္ဍသို့ အပြည့်အဝရောင်းချနိုင်ရေး စသည့်ကဏ္ဍ (၄) ခုအပေါ် အခြေခံ၍ အပိုင်း (၄) ခုကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် Action Plan ရေးဆွဲ နိုင်ရေးအတွက် ဆွေးနွေးခဲ့သည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက “ ဆီထွက်သီးနှံ စိုက်ပျိုးမယ့် တောင်သူကနေစပြီး စားသုံးတဲ့ ပြည်သူတွေဆီ ရောက်တဲ့အခြေအနေအထိနဲ့ ဘေးထွက်ဆီကြိတ်ဖတ်တွေကို မွေးမြူရေးအစာအဖြစ် အပြည့်အဝပေးသွင်းနိုင်ရေး ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် Supply Chain တစ်ခုလုံးမှာရှိတဲ့ အဓိကအကြောင်းအရာတွေကို ဖော်ထုတ်ပြီး ဆွေးနွေးပွဲမှာ Action Plan တွေရေးဆွဲနိုင်ဖို့ ဆွေးနွေးဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ အဓိကအကြောင်းအရာ လေးခုရှိပါတယ်။ ပထမအချက်အနေနဲ့ ဆီစက်တွေ စဉ်ဆက်မပြတ် လည်ပတ်ကြိတ်ခွဲနိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းသီးနှံတွေရရှိနိုင်ဖို့ စိုက်ပျိုးရေးကဏ္ဍက ဘယ်လိုပြည့်ပြည့်ဝဝစိုက်ပျိုးပြီး ကုန်ကြမ်းရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးခဲ့ပါတယ်။ နံပါတ်နှစ်အကြောင်းအရာက ကုန်ကြမ်းဆီထွက်သီးနှံတွေရရှိပြီဆိုရင် ကြိတ်ခွဲဖို့အတွက် ပြည်တွင်းမှာရှိတဲ့ မှတ်ပုံတင်ထားတဲ့ ဆီစက်လုပ်ငန်းပေါင်း ၃၂၆၂ ရုံ ရှိပါတယ်။ ဒီရုံတွေထဲကနေ အကြောင်းအမျိုးမျိုးကြောင့် ဆီစက်လုပ်ငန်း ၄၀၀ ကျော်က ရပ်နားထားတာရှိပါတယ်။ အမှန်တကယ် လည်ပတ်နေတာက စက်ရုံပေါင်း ၂၈၀၀ ကျော်ရှိပါတယ်။ ရပ်နားထားတဲ့ စက်ရုံတွေရော၊ လည်ပတ်နေတဲ့ စက်ရုံတွေရော အပြည့်အဝကြိတ်ခွဲမယ်ဆိုရင် လိုအပ်တဲ့ ဆီထွက်သီးနှံကုန်ကြမ်း ဘယ်လောက်လိုအပ်မယ်။ ဆီထွက်သီးနှံကိုလည်း ရာသီကာလ သုံးခုအလိုက် စိုက်ပျိုးရတဲ့အခါမှာ ရာသီကာလအလိုက် ထွက်ပေါ်လာတဲ့ ဆီထွက်သီးနှံတွေကို ဆီစက်တွေက ဘယ်လောက်လိုအပ်မယ်ဆိုတာကို ဖော်ထုတ်ပြီး ကြိတ်ခွဲရင် သူတို့အတွက် ဘာတွေအခက်အခဲရှိမယ်။ ကြိတ်ခွဲပြီးရင် လိုချင်တဲ့ ပြည်တွင်းစားသုံးဆီ ဖူလုံနိုင်ရေးအတွက် အပြည့်အဝ ရနိုင်မှု ရှိ၊ မရှိ စတဲ့ ဆီကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ထုတ်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။
“တတိယအချက်အနေနဲ့ ဆီစက်တွေက ကြိတ်ခွဲလို့ရရှိလာတဲ့ ပြည်တွင်းကထုတ်လုပ်တဲ့ စားသုံးဆီတွေကို ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။ ဆီစက်တွေက ကြိတ်ခွဲထုတ်လုပ်လိုက်တဲ့ ကုန်ချောဖြစ်တဲ့ စားသုံးဆီတွေကို ဈေးကွက်မှာ ခိုင်ခိုင်မာမာရောင်းချနိုင်မှသာ ရေရှည်တည်တံ့ပြီး နိုင်ငံတော်က လိုလားချက်ဖြစ်တဲ့ ပြည်တွင်းစားသုံးဆီ တစ်နှစ်ပတ်လုံး ဖူလုံနိုင်ရေးဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းစားသုံးဆီကို ဈေးကွက် ခိုင်ခိုင်မာမာရရှိနိုင်ရေးအတွက် ဆောင်ရွက်ကြမယ့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ထုတ်ဆွေးနွေးခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ ဆီစက်တွေ ဆီကြိတ်လို့ ထွက်ပေါ်လာတဲ့ ဘေးထွက်ဆီကြိတ်ဖတ်တွေကို မွေးမြူရေးကဏ္ဍမှာရှိတဲ့ မွေးမြူရေးအစားအစာ ထုတ်လုပ်ဖို့အတွက် မွေးမြူရေးအစားအစာ လိုအပ်ချက်ကို ပြည့်မီစွာပေးအပ်နိုင်ရေး ဖော်ထုတ်ရမယ့် အကြောင်းအရာတစ်ခုကို ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး
ပြည်တွင်း ဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှုတိုးမြှင့် ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲကာ ကုန်ချောဖြစ်သည့် ပြည်တွင်းစားသုံးဆီများ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများက နယ်မြေဒေသများသို့ ကွင်းဆင်းပြီး သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးတောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
“အကြောင်းအရာလေးခုကို ဆွေးနွေး ခဲ့ရာမှာ ပထမအချက်အနေနဲ့ စိုက်ပျိုးဖို့ အတွက် လိုအပ်တဲ့ ဆီထွက်သီးနှံ ကုန်ကြမ်းတွေကို ဘယ်လိုအပြည့်အဝစိုက်မယ်ဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသေးစိတ်တင်ပြ ဆွေးနွေးတာတွေရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ဇုန် (၇) ဇုန်နဲ့ အထူးစိုက်ပျိုးမယ့်ကိစ္စ၊ ဇုန်ပြင်ပမှာ စိုက်ပျိုးမယ့်ကိစ္စ၊ မျိုးစေ့ရဖို့ကိစ္စ၊ သွင်းအားစုတွေရရှိဖို့ကိစ္စ၊ စိုက်ပျိုးဖို့ရေရရှိရေးကိစ္စ၊ ထွက်ပေါ်လာတဲ့ ကုန်ကြမ်းသီးနှံတွေကို တောင်သူတွေက စိုက်စရိတ်အတွက် လုံလုံလောက်လောက်နဲ့ Coverဖြစ်ပြီး ရောင်းချနိုင်မယ့် ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖော်ထုတ်ရရှိခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ ဆီစက်တွေကနေဆီကြိတ်ခွဲထုတ်လုပ်ဖို့ ရာသီအလိုက်ပေါ်ပေါက်လာတဲ့ ဆီထွက်သီးနှံတွေကို ရာသီအလိုက် ဇုန် (၇) ဇုန်မှာ ဘယ်စက်တွေက ဘယ်လိုလည်ပတ်ကြမယ်၊ ရာသီအလိုက်သီးနှံတွေက ဘယ်လိုလိုအပ်ချက်ရှိပြီး ဘယ်လိုဖြည့်ဆည်းရမယ်။ ဇုန်အလိုက် ထွက်ပေါ်လာတဲ့ ဆီထွက်သီးနှံတွေကို ဇုန်အလိုက်မှာရှိတဲ့ ဆီစက်တွေက ကြိတ်ခွဲနိုင်ဖို့အတွက် လုံလောက်တာရှိသလို မလုံလောက်တာလည်းရှိမယ်၊ မလုံလောက်လို့ရှိရင် လုံလောက်တဲ့နေရာကနေ ထွက်ပေါ်လာတဲ့ အထူးဇုန်က ဘယ်လိုသီးနှံတွေကို ဘယ်လိုဖြန့်ဝေပေးမလဲဆိုတာ ဖော်ထုတ်ချက်တွေ ရရှိခဲ့ပါတယ်” ဟု ဆွေးနွေးပွဲရလဒ်နှင့် စပ်လျဉ်း၍ ၎င်းက ဆက်လက်ပြောကြားသည်။
ဝင်ငွေများ တိုးတက်ရရှိမည်
ပြည်တွင်းက ထွက်ရှိသည့် ဆီထွက် သီးနှံကုန်ကြမ်းများကို အပြည့်အဝ အသုံးချပြီး စားသုံးဆီဖူလုံနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေး အပြည့်အဝရရှိရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ဝင်ငွေများ တိုးတက်ရရှိမည်ဖြစ်ကြောင်း၊ ဝင်ငွေတိုးတက်ရရှိလာပါက လူမှုစီးပွားဘဝ အဆင်ပြေမည်ဖြစ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
“တတိယအချက်အနေနဲ့ ဈေးကွက်ခိုင်မာစွာရရှိရေးနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းစားအုန်းဆီ တင်သွင်းမှုနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ လိုအပ်ချက်ပေါ်မူတည်ပြီး လျှော့ချတာနဲ့အမျှ ပြည်တွင်းက ထုတ်လုပ်တဲ့ စားသုံးဆီတွေနဲ့ အစားထိုးမယ့်ကိစ္စ၊ FDA ကနေခွင့်ပြုတဲ့ ရောနှောဆီတွေကို ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းနဲ့ ရောနှောဖို့ကို ဘယ်လို ကြပ်မတ်မယ်။ ဈေးကွက်ခိုင်ခိုင်မာမာရရှိရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေကိုလည်း ဆွေးနွေးဖော်ထုတ်နိုင်ခဲ့ပါတယ်။ တက်ရောက်လာကြသူအားလုံးကလည်း အဓိကဆွေးနွေးကြတဲ့ အကြောင်းအရာ လေးခုအနက်က တတိယအချက်ဖြစ်တဲ့ ဈေးကွက်ခိုင်မာစွာ ရရှိနိုင်ရေးဟာအရေး ကြီးတဲ့အချက်ဖြစ်တဲ့အတွက် ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် တတိယအချက်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချက်အလက်တွေ တော်တော်များများကို ဖော်ထုတ်ရရှိခဲ့ပါတယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ ဆီကြိတ်ဖတ်တွေကို မွေးမြူရေးအစားအစာထုတ်လုပ်ဖို့အတွက် မွေးမြူရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေက အစားအစာနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ၊ မွေးမြူရေးသမားတွေဆီကို ဖြန့်ဖြူးပေးနိုင်မယ့်အနေအထားတွေ၊ ဆီကြိတ်ဖတ်မှာ ဆီကျန်များလို့ မွေးမြူရေးအစာအဖြစ် သုံးနိုင်ခြင်း၊ မသုံးနိုင်ခြင်းတွေကို ဖော်ထုတ်ရရှိခဲ့ပါတယ်။ ပညာရှင်တွေက သုတေသနစာတမ်းတွေနဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြတဲ့အတွက် အဖိုးတန်တဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့ပါတယ်” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည့် ရလဒ်များ ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့သည့်အတွက် Action Plan တစ်ခုချင်းကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် ပြည်တွင်းစားသုံးဆီ မလုံလောက်၍ နိုင်ငံခြားငွေအသုံးပြုပြီး ပြည်ပမှ တင်သွင်းနေရသည့် စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် FDA က ခွင့်ပြုထားသည့် အချိုးကျရောနှောဆီများကို ဈေးနှုန်းသင့်တင့်စွာ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချပေးနိုင်မည်ဖြစ်သဖြင့် စားသုံးသူပြည်သူများက ရောနှောဆီများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
 ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်ရေး
ထို့ပြင် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆီထွက်သီးနှံစိုက်ခင်းမှသည် ကြိတ်စက်နှင့် ဈေးကွက်ဆီသို့တိုင်အောင် တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည့်ရလဒ်များ ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ ကြီးကြပ်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် အကာအကွယ်ပေးမှုများကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 
တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး 
ဓာတ်ပုံ-ကိုအေးသန်း