နေပြည်တော် မတ် ၂၉

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် အိမ်တော်သတင်းထောက်များအား ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များ၊ IDP (ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ)အရေးကိစ္စနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် EAOs များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊ အစိုးရ၊ EAOs ၊ နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့ တစ်ဖွဲ့ကို ၁ဝ ဦးစီဖြင့် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်၊ ၂ ရက်၊ ၃ ရက်တွင် ရန်ကုန်NRPC ၌Frame Work (ToR) ပြန်လည်သုံးသပ်ခြင်းကို လုပ်ဆောင်ခဲ့ပါကြောင်း၊ ဆွေးနွေးထားသည့်အချက်များကို ပြင်ဆင်ရေးသား ရန်နှင့် သတ်ပုံသတ်ညွှန်းများ အသေးစိတ်ပြင်ဆင်သည့် အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်၊ ၁၃ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ အစုအဖွဲ့ တစ်ဖွဲ့ကို ၃ ဦးစီဖြင့် လုပ်ဆောင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ချင်းမိုင်၌ နိုဝင်ဘာ ၁၇ ရက်၊ ၁၈ ရက်တွင်RCSS ၊ KNU ၊ KNPP တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ ကူမင်း၌ ငြိမ်းချမ်းရေးကော်မရှင်နှင့် UWSA ''ဝ'' အထူးဒေသ(၂)၊ KIO ၊ TNLA ၊ AA ၊ MNDAA တို့နှင့် အလွတ်သဘော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါကြောင်း။

နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန်ဆန္ဒရှိ

ဆွေးနွေးပွဲလုပ်ရခြင်း အဓိကအကြောင်းရင်းမှာ ယခင်ကပြောကြား ခဲ့သည့်Statement ကိစ္စဖြစ်ပါကြောင်း၊ ယင်းအဖွဲ့ ၃ ဖွဲ့နှင့်Statement ထုတ်ပြန်ရေးကို ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ရှိခဲ့ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းပြီးချိန်တွင် မြောက်ပိုင်း ၃ ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာချက်ထုတ်ခဲ့ပါ ကြောင်း၊ ယင်းအထဲတွင် အဓိက ဖော်ပြထားသည့်ကိစ္စရပ်များမှာ စစ်ရေး ဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပေးရေး၊ စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။

ထိုသို့ နိုင်ငံရေးနည်းလမ်းဖြင့်သွားမည်၊ စစ်ရေးနည်းလမ်းမှအပ သွားမည် ဆိုသည့်အပေါ် ငြိမ်းချမ်းရေးကော်မရှင်ကနေ ထိုနေ့မှာပင် ကြိုဆိုကြောင်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဓိကအချက်မှာ NCA ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပူးပေါင်းပါဝင်လာ နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မြောက်ပိုင်း ၃ ဖွဲ့နှင့် ဖြစ်ပေါ်တိုးတက်မှုများအပေါ် မူတည်ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ စစ်တိုင်းကြီး ၅ တိုင်းတွင် ၂၁.၁၂.၂ဝ၁၈ ရက်မှ လာမည့် ဧပြီ ၃ဝ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NRPC နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် နှင့် လိုအပ်ပါက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ဖြင့် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့ပါကြောင်း။

သဘောတူညီချက် ၄ ချက်ရရှိ

ထိုသို့ တပ်မတော်မှ အပစ်ရပ် ၄ လ ကြေညာ၍ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး သည့်နောက် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ငြိမ်းချမ်းရေးကော်မရှင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ခဲ့ပါကြောင်း၊ သွားရောက်သည့် အခါတွင်KNU ၊ RCSS ၊ KNPP ၊ KIOတို့နှင့် အလွတ်သဘောဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင် ပြုလုပ်ခဲ့ပါကြောင်း၊ ထို့နောက် ၂ဝ၁၉ ဖေဖော်ဝါရီလအတွင်းတွင် NRPC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်ကNRPC တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အစိုးရဘက်မှ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့နှင့် NCA-S EAOs များ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း၊ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင်SSPP ၊SSA ကNRPC နှင့်ဆွေးနွေးပွဲလုပ်ခဲ့ပါကြောင်း၊SSPP ဘက်မှ ဒုတိယဥက္ကဋ္ဌ ဦးစဝ်ခွန်ဆိုင်း ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါကြောင်း၊ SSPP ၏ ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးကိစ္စ၊ အဖမ်းဆီးခံ၊ အထိန်းသိမ်းခံတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကိစ္စ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးကိစ္စနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါကြောင်း၊SSPP နှင့် NRPC ဆွေးနွေးပြီး နောက်တစ်ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ဆွေးနွေး ခဲ့ပါကြောင်း၊ သဘောတူညီချက် ၄ ချက်ရရှိခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပြီး KIO ၊ TNLA၊ MNDAA အဖွဲ့များနှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် ွှTeam Work Commitment ကတိကဝတ်ပြုရေး သဘောတူညီချက်ရရှိရန် ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမ ယင်းသုံးဖွဲ့နှင့် ဆွေးနွေးနေသည်မှာBilateral Ceasefire Agreement ရေးထိုးရန် ဆွေးနွေးခဲ့ပါကြောင်း၊ ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်မှ အပစ်ရပ် ၄ လ ထုတ်ပြန်ကြေညာသည့် ကာလအတွင်းတွင် မမျှော်လင့်ဘဲ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့၌ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ ရဲစခန်း ၃ ခုကို စတင်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်လာပြီးBilateral ကနေTeam Work Commitment ကို ပြောင်းလဲပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း။

ဆက်လက်တွေ့ဆုံဆွေးနွေး

၂ဝ၁၉ ခုနှစ် မတ် ၈ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့်KNU အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA ရေးထိုးပြီး အဖွဲ့ ၁ဝ ဖွဲ့ ဆွေးနွေးပွဲကို မတ် ၉ ရက်တွင် ချင်းမိုင်၌ ပြုလုပ်ခဲ့ပါကြောင်း၊ KNPP နှင့် အလွတ်သဘော ဆွေးနွေးပွဲကို မတ် ၁ဝ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့ပါကြောင်း၊ ယင်းနောက်NRPC နှင့် RCSS တရားဝင်အစည်းအဝေးကို မတ် ၁၁ ရက် တွင် NRPC ၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အစိုးရဘက်မှ NRPC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ခဲ့ပြီး RCSS ဘက်မှ ဗိုလ်ချုပ်ဘောင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးရာတွင် သဘောတူညီချက် ၄ ချက်ရရှိခဲ့ပါကြောင်း၊ နောက်တစ်ရက်တွင် တပ်မတော်မှ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် RCSS သီးသန့်ဆွေးနွေးပြီး သဘောတူညီချက် များ ရရှိခဲ့ပါကြောင်း၊ ထို့နောက်KNPP နှင့်NRPC ဆွေးနွေးပွဲကို ၁၈.၃.၂ဝ၁၉ ရက်တွင် နေပြည်တော်ရှိNRPC ၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊NRPC အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ခေါင်းဆောင်သည့် အဖွဲ့နှင့် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့်အဖွဲ့ ဆွေးနွေးပြီး သဘောတူညီချက်များ ရရှိခဲ့ပါကြောင်း၊ နောက်တစ်ရက်တွင် KNPP ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော် တိုင်းစစ်ဌာနချုပ်တွင် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ထိုဆွေးနွေး ပွဲတွင်လည်း NCA ရေးထိုးရေးအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီချက်များ ရရှိခဲ့ပါကြောင်း။

ပူးတွဲကြေညာချက် ထုတ်ပြန်

၂၁.၃.၂ဝ၁၉ ရက်တွင် နေပြည်တော်ရှိNRPC ၌ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် NCA လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါကြောင်း၊ အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း ဦးဆောင် သည့်NRPC အဖွဲ့ဝင်များ တက်ရောက်ပြီး လက်မှတ်မထိုးရသေးသည့်အဖွဲ့ မြောက်ပိုင်း ၇ ဖွဲ့အပြင်KNPPအားလုံးပေါင်း ၈ ဖွဲ့ တက်ရောက်ခဲ့ပါကြောင်း၊ ထိုဆွေးနွေးပွဲတွင် သဘောထားများ စုစည်းခဲ့ရပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း များ၊ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန်၊ နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် ညှိနှိုင်း ဖြေရှင်းရန်ဆိုသည့် သဘောထားစုစည်းချက်များ စသည့် အချက် ၅ ချက်ပါ သည့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။

ယခုကာလတွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ၊ လက်မှတ်ထိုးပြီးသား အဖွဲ့များနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ တိုးတက်မှုများလည်း အထိုက်အသင့်ရရှိခဲ့ပါ ကြောင်း၊ လက်မှတ်ထိုးပြီးသားအဖွဲ့များ၊ မထိုးရသေးသည့်အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည့်အတွက် ယခုလာမည့် ဧပြီလအတွင်း တွင်KNPP နှင့် တရားဝင်ဆွေးနွေးပွဲတစ်ကြိမ် ပြုလုပ်မည်ဖြစ်ပါကြောင်း၊NRPC နှင့် ဆွေးနွေးမည်၊ ထို့နောက် တပ်မတော်နှင့် ဆွေးနွေးမည်ဖြစ်ပါ ကြောင်း၊ ပြီးပါကNCA ရေးထိုးရေးကို ဦးတည်သွားမည်ဟု KNPP နှင့် အကြမ်းဖျင်း သဘောတူထားမှု ရှိပါကြောင်း။

သင်္ကြန်အပြီး နောက်တစ်ကြိမ်တွေ့ရန်ရှိ

နောက်တစ်ချက်မှာKIA / KIO နှင့် ဧပြီလအတွင်းတွင် (၂)ကြိမ် တွေ့ရန်ရှိပါကြောင်း၊ ဧပြီ ၂ ရက်နှင့် ၉ ရက်အတွင်း (၁)ကြိမ်၊ ဧပြီလအတွင်း သင်္ကြန်အပြီး နောက်တစ်ကြိမ် တွေ့ရန်ရှိပါကြောင်း၊ ပထမအကြိမ်တွင် NRPC နှင့် တွေ့မည်၊ ထို့နောက် တပ်မတော်နှင့် တွေ့မည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် တွင်လည်း NRPC နှင့်တွေ့မည်၊ ထို့နောက် တပ်မတော်နှင့် တွေ့မည်ဖြစ်ပါ ကြောင်း။

ယင်းအပေါ်တွင် အဓိကအားဖြင့် ဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးတို့ ငြိမ်းချမ်းရေးကော်မရှင် သွားခဲ့သည့်အချိန်တွင် အဆိုပြုခဲ့သည့် ွှTeam Work Commitment ယင်းအပေါ်တွင် Counter Proposal ကိုKIA ဘက်က ပြန်ပြီးပေးပို့မည်ဖြစ်ပါကြောင်း၊ ယခုလ ၃ဝ ရက်နေ့ မိမိတို့ဆီ အကြမ်းဖျင်း အကြောင်းပြန်ရန်ရှိပါကြောင်း၊ ရက်ကိုပြန်ပြီး ပြင်ဆင်မည်ဟု သိရပါကြောင်း၊KIA နှင့် ဧပြီလအတွင်း (၂)ကြိမ် တွေ့ရန်ရှိပါကြောင်း။

သုံးပွင့်ဆိုင်ဆွေးနွေးရန် အဆိုပြုထား

ထို့ပြင်KNUနှင့်တွေ့ရန် သဘောတူထားပါကြောင်း၊ ဧပြီ ၁၁ ရက်၊ ၁၂ ရက်တွင် တွေ့ရန်ကမ်းလှမ်းထားပါကြောင်း၊ ကမ်းလှမ်းသည့်အချိန်တွင် နှစ်ဖက်ပြန်ပြီး ရက်ညှိနေပါကြောင်း၊ အလားတူKNU အနေဖြင့်လည်း NRPC နှင့် ပထမဆုံးတွေ့မည်၊ ထို့နောက် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့နှင့်တွေ့ရန် သဘောတူထားပြီး ဖြစ်ပါကြောင်း၊ ရက်ညှိနေဆဲအနေအထားဖြစ်ပါကြောင်း၊SSPP နှင့်RCSS လာရောက် စဉ်က ဆွေးနွေးထားသည့် ကိစ္စများရှိပါကြောင်း၊ အထူးသဖြင့် ကျောက်မဲနှင့် သီပေါတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အခါတွင်RCSS နှင့်SSPP အကြား၊RCSS နှင့်SSPP ပူးပေါင်းအဖွဲ့များအကြား၊ တပ်မတော်အကြားတွင် ထိတွေ့မှုများဖြစ်နေသည့်အတွက် ကျောက်မဲဒေသနှင့် သီပေါဒေသတွင် ရှိသည့် ပြည်သူများ ဒုက္ခရောက်နေပါကြောင်း၊ ပြည်သူများ နေရပ်စွန့်ခွာပြီး သွားရသည့် အခက်အခဲများ ပြေလည်အောင်နှင့် နေရပ်တွင် ပြန်လည်နေ နိုင်အောင် သုံးပွင့်ဆိုင်ဆွေးနွေးရန် အဆိုပြုထားမှု ရှိပါကြောင်း၊ အထူးသဖြင့် တပ်မတော်နှင့်RCSS ၊ SSPP ၊ SSA နှင့် သုံးပွင့်ဆိုင် ပထမဆွေးနွေး မည်ဖြစ်ပါကြောင်း၊ နောက်တစ်ရက်တွင်NRPC နှင့်SSPP ၊ SSA သုံးပွင့်ဆိုင် ထပ်ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တပ်မတော်နှင့် ဆွေးနွေးမည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် တိုက်ပွဲများမဖြစ်ပွားရေးအတွက် တပ်နေရာချထားရေးကိစ္စရပ်များကို ယင်းဒေသအတွင်းတွင် မည်သို့ညှိနှိုင်း ဆောင်ရွက်မည်ကို သဘောတူညီချက်ရရှိအောင် ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပြီးပါက နေရပ်စွန့်ခွာသူများအတွက် NRPC က ဦးဆောင်ပြီး ဆောင်ရွက်ရန် နောက်တစ်ရက်တွင်NRPC နှင့် သုံးပွင့်ဆိုင်ဆွေးနွေးရန် အဆိုပြုထားပါ ကြောင်း၊ ယင်းအပေါ် ရက်ပြန်လည်ညှိနှိုင်းနေသည့် အနေအထားဖြစ်ပါ ကြောင်း။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ လက်မှတ်ရေးထိုးပြီး အဖွဲ့ (၁ဝ)ဖွဲ့နှင့် တွေ့ဆုံခဲ့ ပါကြောင်း၊ အကျိုးဆက်အနေဖြင့် ၄င်းအဖွဲ့အစည်းများနှင့် ဧပြီလကုန်၌ ပြန်လည်တွေ့ဆုံပြီး ပုံမှန်အစည်းအဝေးများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေမှုများ ရှိပါကြောင်း။

ဖြစ်ပေါ်တိုးတက်မှုများ

ကချင်ပြည်နယ်၌ ပြည်နယ်အစိုးရမှ ကြီးကြပ်သည့်IDP စခန်းများ ရှိသည့်အတိုင်းKIO နယ်မြေအတွင်းတွင်ရှိသည့်IDP စခန်းများရှိပါကြောင်း၊ ယင်းစခန်းများနှင့်ပတ်သက်ပြီး KIA နှင့် အလွတ်သဘော သဘောတူညီ ထားသည်မှာBilateral ဆွေးနွေးမည်။ ယင်းအထဲတွင် ယုံကြည်မှုတည် ဆောက်ရေးအနေဖြင့်IDPစခန်းများ ရုပ်သိမ်းရေးတို့NRPC နှင့် ဆောင်ရွက် သွားရန် ဆွေးနွေးထားပါကြောင်း၊ ဆွေးနွေးနေချိန်အတွင်းမှာ NRPC နှင့်KECC ဦးဆောင်ကော်မတီနှင့် တစ်ကြိမ်ဆွေးနွေးပြီးဖြစ်ပါကြောင်း၊ ဧပြီလအတွင်းမှာ ထပ်မံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့၏ ရည်ရွယ်ချက်မှာ တပ်ပိုင်းဆိုင်ရာကိစ္စများတွင် သဘောတူညီချက်များရရှိပြီး တိုက်ပွဲများ ထပ်မံမဖြစ်ပွားတော့ပါက မိုင်းရှင်းလင်းရေးအပါအဝင် ဆက်လက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို NRPC နှင့် KECC တို့အကြား Principle Agreement ရယူသွားမည်ဖြစ်ကြောင်း၊ ပြီးပါက ဆက်ပြီး အကောင်အထည်ဖော်သည့်အခါJoint Strategy Team ဟုခေါ်သည့် ကချင်ကCSO Network ရှိပါကြောင်း၊ ၄င်းအဖွဲ့မှာ IDP စခန်းများကို ထောက်ပံ့နေသည့်အဖွဲ့ဖြစ်ပြီး CSO Network အနေဖြင့် အစိုးရဘက်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင် ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်း၍ အခြားသောINGO, NGO အဖွဲ့အစည်း များနှင့်အတူ ထောက်ပံ့ကူညီရေးနှင့်IDP များ နေရပ်ပြန်ရေးကိစ္စများကို စတင်ဆောင်ရွက်သွားရန်ရှိကြောင်း၊ ယင်းတို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လက်ရှိအချိန်အထိဖြစ်ပေါ်တိုးတက်မှုများဖြစ်ပါကြောင်း။

အသေးစိတ်ထုတ်ပြန်သွားမည်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်၌ ဇန်နဝါရီလ ၄ ရက်မှ မတ်လ ၂၈ ရက်အထိ AA နှင့် တိုက်ပွဲ ထိတွေ့မှုပေါင်း ၁ဝ၃ ကြိမ်ရှိခဲ့ကြောင်း၊ ယင်းကာလအတွင်း မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ၄၄ ကြိမ်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၇ ဦးကျဆုံးခဲ့ပြီး အရပ် သား ၁၂ ဦးသေဆုံးခဲ့ပါကြောင်း၊ စုစုပေါင်း ၃၉ ဦး ကျဆုံး/သေဆုံးမှုရှိခဲ့ပါ ကြောင်း၊ ဒဏ်ရာရရှိမှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် ၂၆ ဦး၊ အရပ်သား ၂ဝ စုစုပေါင်း ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မတော်နှင့် ထိတွေ့မှုဖြစ်စဉ်များတွင်AA ဘက်မှ ယနေ့အထိ ၅၈ ဦးသေဆုံးပြီး (၈)ဦးအရှင်ဖမ်းမိ၍ လက်နက်ငယ် ၂၂ လက် သိမ်းဆည်းရမိပါကြောင်း၊ တပ်မတော်ဘက်မှ ကျဆုံးနှင့်ဒဏ်ရာရစာရင်းကို တပ်မတော်ဘက်က အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း။

တိုက်ပွဲမဟုတ်သည့် သာမန်အချိန်များတွင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများရှိပါကြောင်း၊ အဖမ်းခံရပြီး ပြန်လွှတ်ပေးသူ တစ်ဦးရှိပြီး AA ကနေ သတ်လိုက်သည့် အသတ်ခံရသူ (၆)ဦးရှိပါကြောင်း၊ လောလောဆယ်ပျောက်ဆုံးနေသူ(၂)ဦးရှိကြောင်း၊ အသတ်ခံရသူ(၆)ဦးတွင် ကျေးရွာတာဝန်ခံတစ်ဦး၊ ရာအိမ်မှူးဟောင်းတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးတို့ ပါဝင်ပါကြောင်း၊ အရပ်သားသေဆုံးမှု (၁၂)ဦးတွင် ဗမာတိုင်းရင်းသား တစ်ဦး၊ ရခိုင်တိုင်းရင်းသား (၉)ဦး၊ ရှမ်းတိုင်းရင်းသားတစ်ဦးနှင့် ဘင်္ဂါလီတစ်ဦး တို့ဖြစ်ပါကြောင်း၊ ဒဏ်ရာရ အရပ်သား (၂ဝ)တွင် ရခိုင်တိုင်းရင်းသား (၁၇)ဦး၊ ခမီတိုင်းရင်းသား(၂)ဦးနှင့် ဘင်္ဂါလီတစ်ဦး ဒဏ်ရာရခဲ့ပါကြောင်း။

နေရပ်စွန့်ခွာပြီးနေရ

ယင်းဖြစ်စဉ်များတွင် အရပ်သားများသေဆုံးမှု၊ ဒဏ်ရာရရှိမှုကို ကြည့်ပါ က အထူးသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများ အဓိက ထိခိုက်နစ်နာမှုရှိသည် ကို တွေ့ရှိရကြောင်း၊ ဇန်နဝါရီလ ၄ ရက်မှစတင်ပြီး AA အဖွဲ့ ရခိုင်ပြည်နယ် အတွင်းသို့ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ငန်းများ၊ တိုက်ခိုက်မှုများ လုပ်ဆောင်သည့်အတွက် ပြည်သူပေါင်း ၁၇ဝဝဝ သည် IDP စခန်းများသို့ ရွှေ့ပြောင်းနေထိုင်နေရပါကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင် ၂၇ဝဝ၊ ကျောက်တော်မြို့နယ်တွင် ၃၈ဝဝ ကျော်၊ မင်းပြားမြို့နယ်တွင် ၂ဝဝဝ ကျော်၊ မြောက်ဦးမြို့နယ်တွင် ၃၅ဝဝ ကျော်၊ ပ္ဏုားကျွန်းမြို့နယ်တွင် ၁၉ဝဝ ကျော်၊ ရသေ့တောင်မြို့နယ်တွင် ၂၅ဝဝ ကျော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ၅ဝဝ ကျော်ဖြစ်ပါကြောင်း၊ မတ်လ ၂၄ ရက်အထိ ကောက်ယူထားသော စာရင်းဇယားများအရ လူပေါင်း ၁၇၃ဝဝ ကျော်သည် IDP အနေဖြင့် နေရပ် စွန့်ခွာပြီးနေရသည့် အနေအထားတွင် ရှိနေပါကြောင်း။

အပြစ်မဲ့ပြည်သူများ သေကျေထိခိုက်

AA နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိမ်ဖန်များစွာပြောပြီးဖြစ်ပါ ကြောင်း၊ AA အပါအဝင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း(၈)ဖွဲ့နှင့် တွေ့ဆုံစဉ်က NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းပြောထားပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အရပ်သားပြည်သူများနှင့် အပြစ်မဲ့ပြည်သူများ သေကျေထိခိုက်ဒဏ်ရာ ရရှိခြင်းများရှိပါကြောင်း၊ နေရပ် စွန့်ခွာပြီး ဒုက္ခများကြုံတွေ့နေရခြင်းတို့ကို တွေ့မြင်ရသည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် အထူးစိတ်မကောင်းဖြစ်ရပါကြောင်း၊ ဒေသတစ်ခုတွင် စစ်ဘေးစစ်ဒဏ်သင့်ပြီး လက်နက်ကိုင်ပဋိပက္ခများ ဆက်တိုက်ဖြစ်လာပါက မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့ကို တိုက်ရိုက်ခံစားရသူများမှာ ရခိုင်ဒေသခံများဖြစ် ကြောင်း၊ အပြစ်မဲ့ပြည်သူဒဏ်ရာရမှုနှင့် သေဆုံးစာရင်းများကိုကြည့်ပါက ဒေသခံ ရခိုင်တိုင်းရင်းသားများ အများဆုံးသေဆုံး၊ ဒဏ်ရာရသည်ကို တွေ့ရကြောင်း၊ ယင်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အထူးစိတ်မကောင်း ဖြစ်ရကြောင်း ကို ပြောကြားလိုပါကြောင်း။

မိမိတို့ နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်ပါက လက်နက်ကိုင် ဖြေရှင်းခဲ့ သည့်အတွက်ကြောင့် မငြိမ်းချမ်းခဲ့သည်မှာ နှစ်ပေါင်း(၇ဝ)ကျော်ပြီဖြစ်ပါ ကြောင်း၊ အခြားသော ပြည်နယ်များတွင် ယခုကဲ့သို့ အတွေ့အကြုံများစွာရှိ ခဲ့သည့်အတွက် ပြည်နယ်များက ငြိမ်းချမ်းရေးလမ်းကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးမှုလမ်းကြောင်းကို လျှောက်လှမ်းနေသည့်အချိန်တွင် ရခိုင်ပြည်နယ်က တစ်ကပြန်စသည့် အနေအထားဖြစ်ကြောင်း၊ မိမိတို့သည် ၂၁ ရာစုသို့ ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ ၂ဝ ရာစု အတွေးအခေါ် အယူအဆများနှင့် လုပ်ဆောင် နေသည့်အတွက် လက်နက်ကိုင်ဖြေရှင်းမှုများသည် မည်သို့မျှ အဖြေမထွက် ရှိသည်ကို သမိုင်းက သင်ခန်းစာပေးထားပြီး ဖြစ်ပါကြောင်း။

ညှိနှိုင်းဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု

မိမိတို့ NRPC နှင့်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်သော် လည်းကောင်း AA အပါအဝင် တိုက်တွန်းချင်သည်မှာ မိမိတို့သွားနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများ တွင် ဝင်ရောက်နိုင်ရန် လမ်းဖွင့်ထားပြီး ဖြစ်ပါကြောင်း၊ ယင်းအတွက်လည်း ငြိမ်းချမ်းရေးကော်မရှင်နှင့် အသေးစိတ်ဆွေးနွေးနေပြီဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် နိုင်ငံရေးအခွင့်အရေးများ တောင်းဆိုရန်၊ တန်းတူညီတူ အခွင့်အရေးများတောင်းဆိုနိုင်ရန် မိမိတို့သွားနေသည်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားမည်ကို အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ EAOs များကပါ Commitment ပေးထားပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကို သွားနေသည့်အချိန်တွင် တခြားတိုင်းရင်းသားများ၊ တခြားသော EAOs များ သွားနေသည့်နည်းတူ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှု နှင့်အတူ ငြိမ်းချမ်းရေးစားပွဲဝိုင်းများသို့ ဝင်ရောက်လာရန် လေးလေးနက်နက် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာသမားများ ၏ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် နိုင်ငံတော်အပိုင်းက ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ်ရှိ အချို့ဒေသများတွင် စစ်အုပ်ချုပ်ရေး ကြေညာသွားရန် ရှိ၊ မရှိ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ မြစ်ဆုံ စီမံကိန်း၊ ဗိုလ်မှူးဗထူး ကျောက်တိုင်ဖြိုချမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေမှု၊ အပစ်ရပ်ကာလ ထပ်မံသက်တမ်းတိုးရန် ရှိ၊ မရှိ၊ နာဂဒေသတိုင်းရင်းသားလက်နက်ကိုင် အချို့အား တရားစွဲဆိုထား သည်ဟု သတင်းထွက်ပေါ်နေမှု၊ ဒရုန်းမလွှတ်တင်ရနေရာများ သတ်မှတ်ထား မှုနှင့် နိုင်ငံတော်အကြီးအကဲများအတွက် ကိုယ်ပိုင်ရဟတ်ယာဉ် ဝယ်ယူရန် အစီအစဉ် ရှိ၊ မရှိဆိုင်ရာ မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်