နေပြည်တော် စက်တင်ဘာ ၃၀
စွမ်းအင်ဝန်ကြီးဌာနမှ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့”ရောက်ရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းမြင့်မားမှုကို တစ်ဖက်တစ်လမ်းမှ လျော့နည်းသက်သာစေရန် ရည်ရွယ်၍ ရေနံဓာတုဗေဒ စက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့် ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68) အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစတင်ကာ တစ်လီတာ ငွေကျပ် ၂၂၀၀ နှုန်းဖြင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းလက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ လွတ်လပ်စွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး)ကို ၂၀၂၃ ခုနှစ်က စက်ချို့ယွင်း၍ ရပ်ဆိုင်းခဲ့ရသော်လည်း ယခုအခါ စက်ရုံကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြင်ဆင်မှုများ ဆောင်ရွက်ပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ခဲ့သဖြင့် အဆိုပါ စက်ရုံမှထုတ်လုပ်သည့် ဓာတ်ဆီ (RON 77) ကိုလည်း တစ်လီတာလျှင် ၂၂၄၅ ကျပ်နှုန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင် အမှတ် (၀၃၅၄)တွင် အောက်တိုဘာ ၁ ရက်မှစတင်ကာ အများပြည်သူသို့ လွတ်လပ်စွာ ထပ်မံဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင် အမှတ် (၀၃၅၄) တွင် ပြည်တွင်းထုတ်ဓာတ်ဆီများဖြစ်သည့် (RON 68) နှင့် (RON 77) တို့ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်


