နေပြည်တော် အောက်တိုဘာ ၁၄

 

ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်းကွာဟချက်များကို ဆန်းစစ်လေ့လာခြင်းဆိုင်ရာ ဆရာဖြစ် သင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

 

ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သီးနှံအထွက်တိုးရန် နည်းပညာတစ်ခုတည်းကို အာရုံစိုက်ခြင်းထက် တောင်သူများ၏ အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တည်ငြိမ်မှုများကို ဦးစားပေးသည့် ချဉ်းကပ်မှုနည်းလမ်းဖြင့် အထွက်နှုန်း တည်ငြိမ်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

တစ်ဧကအထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး စပါးသီးနှံ ပန်းတိုင်အထွက်နှုန်းကို မိုးစပါးရာသီအတွက် တစ်ဧက တင်း ၁၀၀၊ နွေစပါးရာသီအတွက် တစ်ဧက တင်း ၁၁၀ ထွက်ရှိရေး သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရေမြေသဘာဝအလိုက် အထွက်နှုန်းကွဲပြားမှု၊ သုတေသနအထွက်နှုန်းနှင့် တောင်သူအမှန် အထွက်နှုန်းတို့အကြား ကွာဟမှုများ ဖြစ်နေခြင်းတို့၏ အကြောင်းရင်းများကို ဖော်ထုတ်၍ စပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးကို ဦးတည် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခု ဖွင့်လှစ်ပို့ချပေးလိုက်သည့် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်နှုန်း ကွာဟချက်များကို ဆန်းစစ်လေ့လာ ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်း၏ ပို့ချချက်များကို စနစ်တကျ လေ့လာမှတ်သားရန်နှင့် သက်ဆိုင်ရာ ဒေသများ၌ ပြန်လည်ဆင့်ပွားပို့ချရာတွင်လည်း ဝန်ထမ်းငယ်များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးပေးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီမြင့်က သင်တန်းဖွင့်လှစ် ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါ သင်တန်းတွင် တိုင်းဒေသကြီး/ ပြည်နယ် ခုနစ်ခုရှိ စိုက်ပျိုးရေးဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်း ၃၃ ဦး တက်ရောက်လျက်ရှိပြီး ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များက အောက်တိုဘာ ၁၄ ရက်မှ ၁၅ ရက် အထိ ပို့ချဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ စပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်အတွက် စပါးသီးနှံ၏ သုတေသနအထွက်နှင့် တောင်သူ အမှန် အထွက်တို့အကြား ကွာဟမှုဖြစ်ပေါ်နေရသည့် အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ဆန်းစစ် လေ့လာခြင်းဆောင်ရွက်ရန် ဒေသအသီးသီးတွင် စစ်တမ်းကောက် ဆန်းစစ်လေ့လာကြမည့် ဝန်ထမ်းများကို ထပ်ဆင့်ပွား သင်ကြားပို့ချပေးနိုင်ရန်  ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းစိုက်ပျိုးရေးသုတေသနခြံသို့ သွားရောက်ပြီး ဘယ်လာရုစ်နိုင်ငံထုတ် Belarys-451(49.8 HP)ထွန်စက်ကြီး၊ Belarys-522(62 HP) ထွန်စက်ကြီးနှင့် Belarys-820(81 HP) ထွန်စက်ကြီးများ၏ စက်စွမ်းအားပြ ထွန်ယက်ခြင်းကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက ထွန်စက်ကြီးများ၏ အရည်အသွေးနှင့် မြန်မာ့ရေမြေတွင် လက်တွေ့ အသုံးပြုနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေ၊ မြေ ဒေသအမျိုးမျိုးတွင် လက်တွေ့အသုံးပြုပြီး နည်းပညာပိုင်းတွေ့ရှိချက်များ ဆက်လက်လေ့လာ ဆောင်ရွက်ရန်နှင့် စက်၏တန်ဖိုး၊ စွမ်းဆောင်ရည်နှင့် အသုံးဝင်မှုအပေါ် တောင်သူများ၏ သဘောထား မှတ်ချက်ရယူရေး စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်