ပန်းတိုင်းပွင့်ပါစေ

မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

“ခေတ်ဟောင်းကိုဖြို ခေတ်သစ်ကိုတော့ တို့ကြိုနေ

စနစ်ဟောင်းကိုမလို စနစ်သစ်ကိုတော့

 တို့တစ်တွေ လိုပါသလေ

တောင်ရိုး၊ တောင်ခုတ် လုပ်သားပြည်သူ

 ဘဝတူ ဥယျာဉ်မှူးတွေ

ညီညွတ်ရေးမီးရှူးတန်ဆောင် ထွန်းညှိရအောင်လေ

 (တို့များတစ်တွေ) ၂

တူကိုင်သောလက်နဲ့ တံစဉ်ကိုင်သောလက်တွေ

ပေါင်းယှက်ပေးဖို့လေ တို့ကြွေးကြော်မလေ. . .

 ပန်းတိုင်းပွင့်ပါစေ. . . . ပန်းတိုင်းပွင့်ပါစေ

လွန်ခဲ့သောနှစ်ပေါင်း(၆၀)ခန့်က အကယ်ဒမီမြတ်လေး (ကွယ်လွန်) ရေးသားခဲ့သော “ပန်းတိုင်းပွင့်ပါစေတေးသံသာက အကအလှများနှင့် ညီညာဖြဖြ ပီသကြည်မြစွာ လွင့်ပျံဝေစည်နေလေရာ နားဆင်ကြသူတိုင်း၏  ရင်ထဲတွင် နားဝင်ပီယံရှိနေခဲ့ကြပြီး ပသာဒ ကိုယ်စီ ခံစားနေခဲ့ကြရသည်။

၁. ၄. ၂၀၂၄(တနင်္လာနေ့) နေ့လယ် ၁ နာရီက နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား   ထုတ်လွှင့်ရေး တပ်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှစ်ပတ်လည်နေ့အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ ရုပ်ရှင်နှင့် သဘင်ဂီတအနုပညာရှင်များပူးပေါင်း၍ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများထဲမှ “ပန်းတိုင်းပွင့်ပါစေတိုင်းရင်းသားပေါင်းစုံ တေးသရုပ်ဖော် အဆို၊ အက၊ အလှများ ပါဝင်ခဲ့ကြပါသည်။

တစ်ချိန်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီးထဲတွင် ပြည်ထောင်စု နေ့တိုင်း  တင်ဆက်ကပြသီဆိုခဲ့ကြသည်ကို   ပြန်လည်မြင်ယောင် ကြားယောင်သွားခဲ့ပါသည်။

ယခု အနုပညာရှင်ပေါင်းစုံ တေးသရုပ်ဖော် သီဆိုကပြနေကြသည်ကို မြင်တွေ့ကြားသိခံစားနေမိသောအခါ ရင်ထဲမှာ ဝမ်းသာဝမ်းနည်း ခံစားလိုက်ရပါသည်။

သီချင်းသံနှင့်အညီ ဟန်ချက်ညီစွာ ကပြဖျော်ဖြေနေကြရာတွင် ပိတ်ကားပေါ်မှ နောက်ခံလှုပ်ရှားမှုများကလည်း သက်ဝင်ပီပြင်မှုရှိကြ ပါသည်။

(အို. . . သည်တိမ်နဲ့ သည်မြေတွေ

မတွေ့ဆုံချင်လည်း ရှိစေတော့လေ

မညီညာ မပြေပြစ်သော တောင်ကုန်းတောင်တန်း. . .

မောရှမ်းတို့မြေ၊ တစ်မြေတည်းရှိရန်လေ

ထွန်ကြ စိုက်ကြ ခုတ်ထွင်ရှင်းလင်းကြရမယ်လေ. . . .

တို့စိုက်သော ပန်းတွေ. . . တို့တစ်တွေပန်ဆင်ဖို့ပဲလေ)၂

ဖူးစကချွေ ပဒေသရာ ဗျာကေဝိုက် ငိုက်ငိုက်ကလေးနဲ့

ဪ ဖူးပွင့်သည့်ပန်းများ ပွင့်ရစေငြားသော အခါခါလေ

လန်းတိုင်းပွင့်ကြမယ့်အခြေ တို့မျှော်နေ. . . .

(လိမ္မော် ချယ်ရီ စတော်ဘယ်ရီ မာလာ ခတ္တာ ဇီဇဝါ

 သရဖီ ဒေလီယာ သဇင် အင်ကြင်း ပင်မင်း မဉ္ဇူ

(အို. . . ပြည်သူတွေ)၂ မညှိုးနွမ်းရဘူးလေ. . .

သည်ရေပင်လယ် သမုဒ္ဒရာသည်ချောင်း

ဟေ.... သည်မြောင်း သည်စိမ့်စမ်း ကုန်ခန်းတော့လည်းမသွေ...

တို့များချွေးရည်တွေနဲ့စုပေါင်းသွန်းမယ်လေ. . .

(ဟေ ဟေ ဟေ. . . . )၂

သီချင်းစာသားပါ စုံညီသံပြိုင်သီဆိုမှုနှင့် တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းအလိုက်၊ လူငယ်မောင်မယ် အတွဲကိုယ်စီဖြင့် သရုပ်ဖော်ကပြသွားကြလေရာ ကျွန်တော့်ရင်ထဲတွင် ကြည်နူးဝမ်းသာပီတိဖြာမှုနှင့်အတူ မျက်ရည်ကြည်များပင် ဝဲလာခဲ့ပါသည်။

“ဪ... နိုင်ငံအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားလူမျိုး လူငယ်မောင်မယ်တွေ အခုလိုပျော်ပျော်ပါးပါး သွားလာစုစည်းနေထိုင်နိုင်ကြရင် ဘယ်လောက်ကောင်းမလဲလို့။ အခုတော့ ကလေးလူငယ်တွေ ကျောင်းမနေကြရ၊ ကျောင်းနေကြရပြန်တော့ စာမေးပွဲဖြေဆိုခွင့်မရကြ၊ စာသင်ကြားချင်ကြပေမယ့် စာသင် ကြားခွင့် မရကြသော ဆရာ ဆရာမများဘဝ၊ တိုင်းရင်းသား လူမျိုးအချင်းချင်း သတ်ကြဖြတ်ကြ၊ ပြေးကြလွှားကြနဲ့ စစ်ဘေး ဒဏ်ခံကြရတာ ရင်ထဲမချိလိုက်ပါဘိ

ဟု ခံစားတွေးတောရင်းကနေ စာနာစိတ်ဖြင့် ဝမ်းနည်းသွားရခြင်းဖြစ်သည်။

“ပန်းတိုင်းပွင့်ပါစေ” တေးသီချင်းသည် ရသစစ်စစ်ကိုပေးသော သီချင်းဖြစ်ပေသည်။  ပညာပေး ပေါ်လစီသီချင်း မဟုတ်။   သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (ပြည်ထောင်စုစိတ်ဓာတ်) ပြန့်ပွားအောင် စွမ်းဆောင်နိုင်သော သီချင်းဖြစ်သည်။

ထိုတေးသရုပ်ဖော်သီချင်းကို    နားဆင်ရှုမြင်ခံစားနေရင်းက တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များကြောင့် နိုင်ငံတော်လွတ်လပ်ရေးရခဲ့သည်ကို ပြန်လည် တွေးတော မိလိုက်ပါသည်။

လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးဘဝမှ သူ့ကျွန်ဘဝကျရောက်ခဲ့ကြသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်းသည် နယ်ချဲ့လက်အောက်တွင် လောကီငရဲမျိုးစုံကို ကြိတ်မှိတ်ခံစားခဲ့ကြရ သည်။ ထို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများတွင်၊  တစ်ဗိုလ်တက် တစ်ဗိုလ် ဆင်း၊ သားစဉ်မြေးဆက်၊ စဉ်ဆက်မပြတ်၊ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည်။ အသက်၊ သွေး၊ ချွေးများကို မငဲ့ကွက်ကြဘဲ၊ စွန့်လွှတ်စွန့်စားခဲ့ကြ သည်။

နယ်ချဲ့တို့က မြန်မာတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ယုတ်မာစွာသွေးကွဲအောင်၊ သွေးခွဲခဲ့ကြသော်လည်း စည်းလုံးညီညွတ်စွာ ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ၏ လွတ်လပ်ရေးတိုက်ပွဲဝင်သမိုင်းတွင် ကချင်ပြည်နယ်မှ ဖုံကန်ဒူဝါနှင့် ဗိုလ်စော၊ ချင်းပြည်နယ်မှ ဗိုလ်ခိုင်ကမ်း၊ ကြွမ်ဘိနှင့် ရွှေချိုးဖြူမင်းသား၊ ရှမ်းပြည်နယ်မှ လင်းပင်မင်းသားနှင့် ရှမ်းစော်ဘွားများ၊ ဝန်းသိုစော် ဘွားကြီးဦးအောင်မြတ်၊ မြန်မာပြည်အထက်ပိုင်းမှ ဗိုလ်ချို၊ ဗိုလ်တွန်၊ ဗိုလ်မြတ်ထွန်း၊ ဗိုလ်မင်းရောင်နှင့် မျိုးချစ်ခေါင်းဆောင်တို့သည် မော်ကွန်းဝင်ထွန်းပြောင်ခဲ့ကြပါသည်။ ဝက်ထီးကန်တိုက်ပွဲတွင် ရှမ်းတိုင်းရင်းသူ အာဇာနည်အမျိုးသမီးသုံးဦး၏ ရဲဝံ့ပြောင်မြောက်သော သတ္တိများကို နယ်ချဲ့ခေါင်းဆောင်များ ချီးကျူးရေးသား ခဲ့ရသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အချုပ်တန်းဆရာဖေ အစရှိသော မျိုးချစ်စာဆိုတော်ကြီးများကလည်း နှလုံးရည်တပ်သားကောင်း ပီသစွာ ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး)၊ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး) စသည့်လွတ်လပ်ရေး တိုက်ပွဲဝင်အဖွဲ့ကြီးများတွင် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ တိုင်းရင်းသားများ စသည့်လုပ်သားပြည်သူ အားလုံးသည် ကျွန်ဘဝမှ သခင်ဘဝသို့ ပြန်လည်ရောက်ရှိရေးအတွက် အသက်ကိုမငဲ့ကွက်ဘဲ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပါသည်။

 

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)

 

ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါ “အင်္ဂလိပ်အခက် ဗမာအချက်”ဟူသော ကြွေးကြော်သံများဖြင့် “သခင်အောင်ဆန်း” ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံသို့ သွားရောက်ကာ စစ်ပညာများသင်ကြားခဲ့ကြသည်။ စစ်ပညာများသင်ကြားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်သည် ထိုင်း နိုင်ငံတွင် “ဗမာ့လွတ်လပ်ရေးတပ်မတော်” (BIA) ဖွဲ့စည်းခဲ့သည်။

ဂျပန်များ၏အကူအညီများဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြကာ နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်တိုက်ခိုက် ခဲ့ကြသည်။ ဂျပန်တို့က မြန်မာတို့ကို ရွှေရည်စိမ်လွတ်လပ်ရေးကိုသာပေးခဲ့ကာ ရက်စက်လွန်းစွာ၊ ညှဉ်းပန်းအုပ်ချုပ်ခဲ့ကြပါသည်။

ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို၊ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဖက်ဆစ်ဂျပန်များကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ ထိုသို့တွန်းလှန် တိုက်ထုတ်ခဲ့ကြသည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ကို “တော်လှန်ရေးနေ့” “တပ်မတော်နေ့” အဖြစ် သတ်မှတ်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့

 

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားရေးလှုပ်ရှားမှုများတွင် တစ်ဗိုလ်တက်၊ တစ်ဗိုလ်ဆင်း၊ သားစဉ်မြေးဆက်၊ စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော်လည်း နယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုများကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြိုကွဲကာ လက်နက်ကိုင်ပဋိပက္ခများကား ယနေ့အထိ သက်ဆိုးရှည်နေဆဲပင်။

စစ်ရေးနှင့် နယ်ချဲ့မရသောအခါ နိုင်ငံရေး၊ စီးပွားရေးများနှင့် နယ်ချဲ့လာခဲ့ကြသည်။ အင်အားကြီးသူများက အင်အားငယ်သူများကို ခြယ်လှယ်သွေးထိုးလာခဲ့ကြကာ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ထိုနိုင်ငံ၏ ပြည်တွင်းသစ္စာဖောက်များအား မြှောက်ပင့်သွေးထိုးပေး နေကြပြီး နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြသည်။ နိုင်ငံအချို့မှာ အန္တရာယ်မျိုးစုံနှင့်ကြုံတွေ့နေကြရပါသည်။ ထိုနိုင်ငံအချို့ထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေပါသည်။

ဤနေရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်းထဲမှ-

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ ပုဂ္ဂလိကပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းကမှ ချုပ်ကိုင်အနိုင် သိမ်းယူ အကျိုး ခံစားအပ်သော နိုင်ငံမဟုတ်။”

“ငါတို့သည် တစ်မျိုးတစ်ဘာသာ၊ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။ ကျောသားရင်သား၊ သူကား ငါကား၊ ခွဲခြားခြင်းကို အလိုမရှိ။ တိုင်းရင်းသားအပေါင်းတို့ ဇာတိ ချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတော်တစ်ဝန်းကို တစ်သွေး တစ်သားတည်းဟူသော အကျိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်း ဟူသော အကျိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော အကျိုး ထူး၊ ဤအကျိုးထူးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။” ကို ပြန်လည်သတိရကြစေချင်ပါသည်။

နှစ်ပေါင်းရှည်ကြာခဲ့သော ပြည်တွင်းစစ်။ အဖြူ၊ အနီ၊ အဝါ ရောင်စုံသူပုန်လက်နက်ကိုင်သောင်းကျန်းသူ၊ လက်နက်ကိုင်တိုင်းရင်း သားသွေးချင်းများ၊ အကြမ်းဖက်အဖျက်သမားများ၊ သူခိုးဓားရိုးကမ်း အမျိုးသား သစ္စာဖောက်များစသည်ဖြင့် အမျိုးအစားတွေ များပြားလာသော ပြည်တွင်းစစ်။ စစ်ပြေးစစ်ဘေး ဒုက္ခသည်များဘဝမှ စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများဟု ဖြေသာအောင် ပြောင်းလဲခေါ်ဝေါ်ခဲ့ သော်လည်း လောကီငရဲခံစားနေကြရသည့် ဝဋ်ဒုက္ခက လျော့နည်း မသွားဘဲ ဆထက်ကဲ ရက်စက်လာသော ပြည်တွင်းစစ်။ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်နှစ်အရှည်ကြာဆုံးနိုင်ငံအဖြစ်၊ ဆိုးညစ်လှသည့်သမိုင်း တွင်ရစ်ခံရမည့် မြန်မာနိုင်ငံ။ တွေးကြည့်လျှင် ရှက်ဖွယ်လိလိအတိ။ ကြုံတွေ့နေကြရသည့် ဘေးဒုက္ခတွေကလည်းအပြည့်။ ရင်ထဲမှာ မချိပါဘိ။

တကယ်တော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများသည် သွေးကွဲမှုကို မလိုလားကြဘဲ

သွေးစည်းညီညွတ်မှုကိုလိုလားကြကြောင်း သူတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံစကားပုံများက သက်သေ ထူနေကြပါသည်။ အချို့ကို ကောက်နုတ်ဖော်ပြရပါမူ-

ကချင် - အတူတူစားလျှင် မြိန်ရှက်သည်၊ အတူတူအိပ် လျှင် နွေးသည်။

ဂျိန်းဖော - သံပူညှပ်နှင့်ကိုင်လျှင် မပူ။ မပြတ်နိုင်။ အများ လက်နှင့်ကိုင်လျှင် မညွှတ်နိုင်။ စုပေါင်းကိုင် လျှင် အမြန်အောင်မြင်သည်။

ချင်း - ကြက်အမျိုးပျောက်ခါနီးမှာ တစ်ကောင်နှင့်တစ်ကောင်ဆိတ်ကြတယ်။

မွန် - တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ တစ်ခွက်တည်းသောက်

ရခိုင် - ဝါးကွဲက ရီဝင်ရေ

ရှမ်း - နွားကွဲလျှင် အမဲသားဖြစ်၊ အချောင်း(၁ဝဝ)ရှိတဲ့မြား လူအများမချိုးနိုင်။

ဓနု၊ တောင်ရိုး - ကျီးလိုဝိုင်းကူညီပြီး ကြက်သွန်ဖြူလို စုစည်း။

ပအိုဝ်း - ရွာညီလျှင် ကျားမဝင်နိုင် ဟူ၍ဖြစ်ရာ တိုင်းရင်းသားလူမျိုးတိုင်းသည် သွေးစည်းညီညွတ်မှုကို အလွန်ပင်အလေးထား နေကြကြောင်း သူတို့၏စကားပုံများက သက်သေထူနေပါသည်။

အချုပ်ဆိုရသော် “ပန်းတိုင်းပွင့်ပါစေ”တေးသီချင်းက ရည်ညွှန်းလှုံ့ဆော်တပ်လှန့်ပေးလိုက်သော “ပြည်ထောင်စု စိတ်ဓာတ်”ကို တိုင်းရင်းသားလူမျိုးတိုင်းက နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် အလေးအနက် ထားကြစေချင်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။