ပန်းတနော်မြို့နယ် ဘုရားပျိုကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ပန်းတနော်  ၁၂   နိုဝင်ဘာ         

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရွှေကျောင်းမြောက်ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် စိုက်ပျိုးရေး၊ အရောင်းအဝယ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် စာရင်းဇယားများ ရေးသွင်းထားရှိမှုတို့အား နိုဝင်ဘာ ၁၁ ရက် နံနက် ၁၀နာရီက ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထက်အောင်ဖြိုးနှင့်အဖွဲ့က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ အရောင်းအဝယ် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း များအား ကြည့်ရှု့စစ်ဆေးခြင်း၊ စာရင်းဇယားပုံစံများဖြည့်သွင်း ထားရှိမှုများအား ကြည့်ရှုစစ်ဆေး ကြပြီးနောက် လိုအပ်သည်များကို စီမံကိန်း ကော်မတီဝင်များအား အကြံပြုမှာကြားခဲ့သည်။

 

ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်ငံတော်၏ Covid-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်အတွက် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိနိုင်စေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းအား ဘုရားပျို ကျေးရွာ၊ ကျခတ္တောကျေးရွာနှင့်  ကတောက်ဆပ်အရှေ့ကျေးတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်ထံမှ သိရသည်။

 

တေဇာလင်း