နေပြည်တော် ၂၇ မတ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူးပေါင်းကျင်းပသည့် အင်္ဂလိပ် ဘာသာစကား ပြောစွမ်းရည်ပြိုင်ပွဲ ကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားပြီး ကနေဒါနိုင်ငံမှ Ms.Kathleen Morarity (International Engkish Language Expert)မှ ပြိုင်ပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် JEK ပညာဒါနသင်တန်းတွင် အင်္ဂလိပ်ဘာသာစကား သင်ကြားလျှက်ရှိသည့် သင်တန်းသား၊ သင်တန်းသူ ၅၀ က တစ်အုပ်စုလျှင်(၅)ဦးနှုန်းဖြင့် အင်္ဂလိပ်ဘာသာ စကားပြော စွမ်းရည် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။
အဆိုပါပြိုင်ပွဲသို့ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒက္ခိဏခရိုင် ဦးစီးမှူး၊ ပျဉ်းမနားမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊JEK ပညာဒါန သင်တန်းမှ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စိုးမိုး(ပြန်/ဆက်)


