ပျဉ်းမနားမြို့နယ်အတွင်း အမှိုက်များကင်းရှင်းစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ၁၃ ဇန်နဝါရီ 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မျှဝေသောလက်များ (ပျဉ်းမနား) အသင်းမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြတ်ပညာမီးအိမ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ SEC day special သင်တန်းနှင့် ရွှေအောင်လံဘော်ဒါတို့ ပူးပေါင်းပါဝင်ကာ ယနေ့ နံနက် ၆ နာရီမှစ၍ မြို့နယ်အတွင်း အမှိုက်များနှင့် အညစ်အကြေးများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။ 

 

2

 

မြို့နယ်အတွင်းရှိ အမှိုက်များကောက်ယူခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ခုဆိုရင် မြို့နယ်အတွင်းက အမှိုက်တွေကိုကောက်ယူတာ ၂၀၁၉ ခုနှစ်အတွင်း ငါးကြိမ်ရှိသွားပါပြီ၊ ခုဆိုရင် ကျွန်တော်တို့အဖွဲ့ အမှိုက်ကောက်တာကို လူငယ်တွေပါ စိတ်ဝင်စားလာပြီး ပူပေါင်းပါဝင်လာကြပါတယ်။

 

3

 

ဒါကြောင့် ကျွန်တော်တို့အဖွဲ့ကနေ မြို့နယ်အတွင်းရှိ ရှမ်းကန်ပတ်ဝန်းကျင်၊ မြို့မဈေးပတ်ဝန်းကျင်နှင့် ရထားသံလမ်းအမှတ်(၁) အမှတ်(၂) ကြားများရှိ အမှိုက်များကို ကောက်ယူကြောင်းနှင့် အမှိုက်မပစ်ဖို့အတွက် ပညာပေးပိုစတာတွေကို ထင်သာမြင်သာတဲ့ နေရာတွေမှာ လိုက်ကပ်တယ်၊ လက်ကမ်းစာစောင်တွေကို အိမ်အရောက် လိုက်ဝေပေးထားပါတယ်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း အမှိုက်ကို စနစ်တကျမစွန့်ပစ်လျှင် ရေအခက်အခဲ၊ လူတွေ၊ တိရစ္ဆာန်တွေနဲ့ အပင်တွေပါ ဒုက္ခရောက်နိုင်တဲ့အတွက် ဒေသခံပြည်သူများအနေနဲ့ မြို့နယ်အတွင်း အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် မေတ္တာရပ်ခံကြောင်း” မျှဝေသောလက်များ (ပျဉ်းမနား) အသင်းမှ ဦးကျော်သူရက ပြောသည်။

 

ထိ်ုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရခြင်းမှာ အမှိုက်များရှိပါက ပြည်သူလူထု ကျန်းမာရေး ထိခိုက်လာနိုင်ကြောင်း၊ အမှိုက်ကင်းစင်၍ ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေရန်၊ သဘာဝရေမှ အမှိုက်ကြောင့် ရေဆိုးဖြစ်ခြင်းကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် အနာဂတ် လူငယ်များ အတုယူတက်စေရန်အတွက် ရည်ရွယ်၍  လူမှုရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ပြည်သူများပူပေါင်း၍ အမှိုက်နှင့် အညစ်အကြေးများ ဆယ်ယူခြင်းနှင့် ကောက်ယူရာတွင်  ရေသန့်ဘူးများ၊ အချိုရည်များနှင့် မုန့်များကို စေတနာရှင်များမှ လာရောက် လှူဒါန်းကြကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)