ရန်ကုန် ၂၂ ဧပြီ
ပညာရေးဝန်ကြီးဌာနနှင့် IIG Education Myanmar တို့ပူးပေါင်း၍ ကျင်းပသည့် ပထမအကြိမ် အမျိုးသားအဆင့် မိုက်ခရိုဆော့ဖ်ကျွမ်းကျင် အဆင့်(MOSC) SemiFinal ပြိုင်ပွဲကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT)၌ ဧပြီ၂၉ရက်နှင့်၃၀ရက်တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် အခြေခံပညာကျောင်းများ၊ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်အသီးသီးမှ အသက် ၁၃နှစ်နှင့်၂၂နှစ်အတွင်းရှိ Microsoft Office Word 2013၊ Excel 2013 နှင့် Powerpoint 2013 ကျွမ်းကျင်မှု ကျောင်းအဆင့် ယှဉ်ပြိုင် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူ ပေါင်း ၆၀ဝ ခန့်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအဆင့် Microsoft Office ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ပထမ ဆုရသူ သုံးဦးအား အမေရိကန်ဒေါ်လာ ၂၀ဝနှင့်အထက်ဆုများ ပေးအပ်ချီးမြှင့်မည့် အပြင် လိုအပ်သည့် သင်တန်းများပေးကာ မြန်မာနိုင်ငံကိုယ်စားပြု Microsoft Office Specialist များအဖြစ် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ဇူလိုင်၂၈မှ၃၁ရက်အထိ ကျင်းပမည့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ(MOSWC)သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
MOSWC ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် Microsoft Word၊ Excelနှင့် PowerPoint 2013/2016 တစ်ဘာသာချင်းအလိုက် ပထမဆုအနေဖြင့် အမေရိကန် ဒေါ်လာ ၇၀ဝ၀၊ ဒုတိယဆုအနေဖြင့် အမေရိကန်ဒေါ်လာ၃၅၀ဝနှင့် တတိယဆုအနေဖြင့် အမေရိကန် ဒေါ်လာ ၁၅၀ဝတို့ကို Microsoftမှ ဆုချီးမြှင့်မည်ဖြစ်ကြောင်း www. iigmyanmar.com နှင့် http://www.moschampionship.com တို့တွင် ဖော်ပြထားသည်။
ပြည်တွင်း(MOSC)ပြိုင်ပွဲများတွင် ရမှတ်၇၀ဝနှင့်အထက် ရရှိသည့် ပြိုင်ပွဲဝင် များကို နိုင်ငံတကာအသိအမှတ်ပြု Microsoft Office Specialist Certificate များချီးမြှင့်မည် ဖြစ်ကြောင်း IIG Education Myanmar မှ မန်နေဂျာ မဇွန်ဖြူချစ်စောက ပြောသည်။
၂၀၁၈ခုနှစ်က Microsoft Office Specialist World Championship(MOSWC) ပြိုင်ပွဲကို ၁၁၆နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၇၆၀,ဝ၀ဝ ခန့်ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို (၁၈)ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ရာ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


