ပထမဆုံး အင်္ဂလိပ် တေးသီချင်းခွေ ထွက်မည့် အဆိုတော် အိမ့်ချစ်

၁၃  ဒီဇင်ဘာ 

 

ပြည်တွင်း ဂီတလောကသားများ အနေဖြင့်  ပြည်တွင်း၌သာ ဂီတ အမျိုးအစား စုံလင်စွာ ဖန်တီး ပုံဖော်လျက်ရှိသည်။

 

ယခုတွင် လူငယ်အမျိုးသမီး အဆိုရှင် အိမ့်ချစ်က  ဂီတနယ်ပယ်သစ်တစ်ခုကို ချဲ့ထွင်နိုင်ရန်အတွက် "SLAY" ဟု အမည်ရသည့် အင်္ဂလိပ် တေးသီချင်းတွေသာ ပါဝင်သည့် တေးစီးရီးခွေကို ပထမဆုံး အနေဖြင့် သူ၏ ဂီတသက်တမ်း ၁၄ နှစ်ကျော်တွင် ဖန်းတီးလိုက်ကြောင်း သိရသည်။

 

"တေးသီချင်း (၈) ပုဒ်ပါပါတယ်၊ အိမ်ချစ်ရဲ့ စတုတ္ထမြောက် စီးရီးပါ၊ ခုနှစ်ပုဒ် ကိုယ်တိုင်ရေးထားပါတယ်၊ ဒီသီချင်းခွေထဲက သီချင်းလေးတွေကို အိမ့်ချစ် နိုင်ငံတကာ အဆင့်အတန်းမီအောင်လို့ ကြိုးစားဖန်တီးထားတာပါ၊ ဘာလို့ အင်္ဂလိပ်သီချင်းတွေဆိုလည်းပေါ့ ဟုတ်ပါတယ်၊ အိမ့်ချစ်တို့ နိုင်ငံမှာက အင်္ဂလိပ်သီချင်းဆိုတဲ့ သူကရှားပါတယ်၊ အရမ်းနည်းပါးနေသေးတာ တွေ့ရတယ်၊ ဒါကြောင့်မို့ ကိုယ်တွေမြန်မာ အနုပညာသမားတွေလည်း သူများနိုင်ငံတွေလို အင်တာနေရှင်နယ်ဘောင်ဝင်အောင် ချပြနိုင်တယ် ဆိုတာကို ပြချင်တာကြောင့် ဒီခွေလေးကို လုပ်ဖြစ်ခဲ့တာပါ၊ ညီမက ဂီတလောကသား တစ်ယောက်ဖြစ်တာမို့ ကိုယ့်ဂီတလောကကို တာဝန်ရှိတဲ့သူ တစ်ယောက် အနေနဲ့ ဂီတလောကမှာ ခြေလှမ်းသစ်တစ်ခု စတင်လိုက်တာပါ ၊ နယ်မြေချဲ့တဲ့ သဘောလည်း ပါတာပေါ့နော်၊ ညီမတို့ မြန်မာပရိသတ်နဲ့ပဲ မြန်မာပြည်မှာ လုပ်ပြနေတဲ့အခါ ကျတော့ တစ်ခြားဂီတနယ်ပယ်ကို ဘယ်လိုနည်းနဲ့မှ မသွားနိုင်ဘူးလေ၊ ညီမက တိုးချဲ့နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ညီမတို့ထက် ပိုတော်တဲ့သူက ပိုပြီး နိုင်ငံတကာကို တိုးချဲ့နိုင်မယ် လိုပြောချင်တာပါ ၊ နောက်ထပ်လူငယ်တွေ တစ်ယောက်ပြီး တစ်ယောက်အတွက် အိမ့်ချစ်အနေနဲ့ ကိုယ့်ဘက်က တတ်နိုင်သလောက် လမ်းစဖောက်ပေးတဲ့ သဘောပါပဲ၊ ပြီးတော့ ပရိသတ်ကို အင်္ဂလိပ်သီချင်းတွေကြီးပဲ ဖြစ်နေတာမို့ လာပါ ဝယ်ပါ နားထောင်ပါဆိုတဲ့ ပုံစံမျိုးမဖြစ်ချင်ဘူး၊ ကိုယ့်စိတ်ကိုယ့်ဆန္ဒနဲ့ နားထောင်ပါစေဆိုတဲ့ စိတ်နဲ့ အခွေကို ဒီအတိုင်းဖြန့်ချိမှာပါ" ဟု အဆိုတော်အိမ့်ချစ်က ပြောသည်။

 

အဆိုပါ တေးစီးရီးခွေတွင် တေးသီချင်း ရှစ်ပုဒ်ပါဝင်ပြီး၊ ကိုယ်တိုင်ဖန်တီး ခံစားရေးစပ်ထားသော တေးသီချင်း ခုနှစ်ပုဒ်ပါဝင်ကာ  (၁) S LAY , (၂) CRAZY, (၃) RIOE WITH ME , (၄)  STUCK ,(၅) BANG BANG,(၆)HOW WE MET ,(၇) NOW ANVMORE , (၈) WINGS စသည့် သီချင်းများဖြင့် စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သည်။

 

ယင်းစီးရီးတွင် ပါဝင်သည့် သီချင်းများသည် သူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် ဖန်တီးထားသော သီချင်းများဖြစ်ကြောင်း၊ အချစ်သီချင်းများသာအဓိကပါဝင်ကြောင်း၊ ကိုယ်တိုင်ခံစားရေးစပ်ထားပြီး " Bang , Bang" ဟု အမည်ရသည့် တေးသီချင်းတွင်လည်း  မိမိကို တိုက်ခိုက်ကြသော လူအချို့ကို တေးသီချင်းဖြင့် ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း၊ တေးစီးရီးကို ယခုလ (၁၅) ရက်နေ့တွင် စတင်ဖြန့်ချိသွားမည်ဖြစ်ပြီး အခွေအရေအတွက် အနည်းငယ်သာ ထုတ်လုပ်ထားကြောင်း ၊ ယခင်လို ပရိုမိုးရှင်းပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။

 

ကိုလင်း