ပထမဆုံး ဂျိမ်းစ်ဘွန်းမင်းသမီး ကွယ်လွန်

၁၂  ဇွန်

 

ဟောလိဝုဒ်ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်တွေဖြစ်ကြတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေအနက် ပထမဆုံးသော ရုပ်ရှင်မှာ အဓိက ဇာတ်ဆောင် ဂျိမ်းစ်ဘွန်းမင်းသမီးအဖြစ် ပါဝင်ခဲ့တဲ့ ယူနိဂေဆန်ဟာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

ဗြိတိန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂေဆန်ဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ အရွယ်ရှိပြီ ဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၈ ရက်မှာ ဂေဆန် ကွယ်လွန်ခဲ့တာဖြစ်ကြောင်း မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။ သူဟာ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီနဲ့အပြိုင် “Dr. No” မှာ ပါဝင်ထားတာဖြစ်ပြီး “From Russia With Love”ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှာလည်း ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုကို အထူးရရှိခဲ့သူဖြစ်ပါတယ်။

 

ဒီဝမ်းနည်းစရာ သတင်းကိုတော့ ပြီးခဲ့တဲ့ ဇွန် ၉ ရက်မှာ ယူနိဂေဆန်ရဲ့ တွစ်တာ စာမျက်နှာပေါ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖော်ပြခဲ့ရာမှာတော့ ဂေဆန်ဟာ ဇွန် ၈ ရက်က ကွယ်လွန် သွားကြောင်းနဲ့ သူ့အတွက် လွမ်းဆွတ်မိကြောင်း ထည့်သွင်းရေးသား ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ 

 

ဂျိမ်းစ်ဘွန်းရုပ်ရှင် ထုတ်လုပ်သူတွေကလည်း ဂေဆန် ကွယ်လွန်ခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက်မီဒီယာတွေ ပေါ်ကနေတစ်ဆင့် အသီးသီး ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

 

အေးပြည့်