ရန်ကုန် ဇန်နဝါရီ ၁၂
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်စောဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲစာရင်း အမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ လွယ်ကူလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက အဆင့်ဆင့် အလေးထား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၊ အပိုင်း(၂) ဆိုင်ရာ သုံးသပ်ချက်နှင့် အပိုင်း(၃)အတွက် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်နိုင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


