နေပြည်တော် ဇန်နဝါရီ ၁၁

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၁၀၀ အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်သည်။

 

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့တွင် ဆက်လက် ပြုလုပ်ရာ ကချင်ပြည်နယ်တွင် မချမ်းဘော့မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၊ ကရင်ပြည်နယ်တွင် ဖာပွန်မြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် ရေဦးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဇီးကုန်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ မိုးညိုမြို့နယ်နှင့် မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ ငဖဲမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ အမရပူရမြို့နယ်နှင့် မတ္တရာမြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်းမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ပေါင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ကလောမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ် စုစုပေါင်းမြို့နယ် (၁၀၀) ၌ ကျင်းပပြုလုပ်ကြပြီး အဆိုပါမြို့နယ်များရှိ သတ်မှတ်မဲရုံအသီးသီး၌ ဒေသခံတိုင်းရင်းသား ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများက သတ်မှတ်မဲရုံအသီးသီး၌ စနစ်တကျဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၊ အေးချမ်းစွာနှင့် အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည့် မော်တော်ယာဉ်များ၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို မဲရုံအသီးသီး၌ ကြိုတင်ပြင်ဆင်ထားရှိကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

 

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက်(Control Unit)မှ ရလဒ်များကို ထုတ်ယူကာ စနစ်တကျရေတွက်ခြင်းနှင့် ကြိုတင်မဲများ စနစ်တကျရေတွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။

 

ထိုသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမှုနဲ့ပတ်သက်၍ မဲရုံအသီးသီးတွင် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများရဲ့ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ ကလောမြို့နယ်မှအမျိုးသမီးတစ်ဦး

မဲပေးရတဲ့အတွေ့အကြုံကတော့ အစောကြီးထပြီး မဲပေးဖို့ကို ပြင်ဆင်နေတာပါ။ ၂၀၂၀ ခုနှစ် တုန်းကတော့ ကျွန်မက နယ်ဘက်မှာ မဲပေးခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ကိုယ့်နာမည်ကို ရှာမတွေ့တာနဲ့၊ နာမည်ကလွဲနေတာတို့၊ အခက်အခဲလေးတွေ တော်တော်လေး ရှိခဲ့ရပါတယ်။ အရင်တုန်းကတော့ စာရွက်ပေါ်မှာခြစ်ပြီး မဲပေးရတာဆိုတော့ မှားသွားမှာကိုကြောက်ပါတယ်။ မဲပေးရတဲ့ အကွက်ထဲကနေ များထွက်သွားမလား။ ပယ်မဲများ ဖြစ်သွားမလားဆိုပြီး ရင်တုန်ရပါတယ်။ အခုကျတော့ ခလုတ်ကလေးပဲနှိပ်ရတာဆိုတော့ ကိုယ်ပေးချင်တဲ့ ပါတီကိုရှာလိုက်ပြီး မီးခလုတ်လေး စိမ်းပြီဆိုရင် ခလုတ်လေးကို နှိပ်လိုက်တာနဲ့ ဟိုဘက်မှာ စာရွက်လေးက ထွက်လာတယ်။ ကိုယ်ပေးတဲ့ ပါတီ၊ အဖွဲ့အစည်းက မှန်ရဲ့လားဆိုတာကို တစ်ခါပြန်ပြီး စစ်လို့ရတယ်။ မှန်ပြီဆိုမှ စာရွက်လေးက ကျသွားတာဆိုတော့ ပယ်မဲလည်းမဖြစ်ဘူးပေါ့။ စိတ်အေးရပါတယ်။ မျှော်လင့်တာတွေကတော့ အများကြီးရှိပါတယ်။ ဒီရွေးကောက်ပွဲကနေပြီးတော့ ကျွန်မတို့အနေနဲ့ ပထမဦးဆုံး ကလေးတွေရဲ့ ပညာရေးပေါ့နော်။ အဓိကကတော့ လုံခြုံရေးပေါ့။ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးပေါ့။ အဲဒီအတွက်ကို အများကြီး မျှော်လင့်ထားပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးကဏ္ဍတွေလည်း အခုထက်ပိုပြီး ပြည့်စုံအောင် ပိုမိုကောင်းမွန်စေဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် နယ်ဘက်တွေဆိုရင် ပညာရေးဆိုလည်း မြို့ပေါ်က လူတွေနဲ့ မမှီဘူးပေါ့နော်။ အဲဒါလေးတွေကို တစ်ပြေးညီတိုးတက်လာဖို့ မျှော်လင့်ပါတယ်။ ဘယ်အဖွဲ့အစည်းပဲ အစိုးရ ဖွဲ့စည်းနိုင်ပါစေ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

၂။ ဆင်ပေါင်ဝဲမြို့နယ်မှအမျိုးသားတစ်ဦး

အခုလိုမျိုး မဲပေးစက်နဲ့ မဲပေးရတာက အများကြီးအဆင်ပြေပါတယ်။ အခုလိုမဲပေးရတဲ့ အတွက်လည်း နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်တယ်လို့ ခံစားရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့လည်း အများကြီး တိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်။

 

၃။ မိုင်းရယ်မြို့နယ်မှ အမျိုးသမီးတစ်ဦး

အရင်တုန်းကတော့ တစ်ခါမှ မဲမပေးဖူးပါဘူး။ ဒါပထမဆုံး မဲပေးဖူးတာပါ။ စိတ်လှုပ်ရှားပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်ဒေသကို အကျိုးရှိအောင်လုပ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ မဲရုံမှာ ကျတော့ လူကြီးရော၊ လူငယ်ရော အများကြီးပဲ တွေ့ရပါတယ်။ တက်တက်ကြွကြွနဲ့ မဲပေးကြတာကို တွေ့ရပါတယ်။

 

ယနေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ၏ လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကို ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ သံရုံးယာယီတာဝန်ခံများနှင့် တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးနေမှုများကို သွားရောက်လေ့လာစောင့်ကြည့်၍ သတင်းရယူခဲ့ကြကြောင်းနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်