နေပြည်တော် ၃ ဧပြီ
ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့အကြား ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
အဆိုပါပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန်အတွက် အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသားကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့်ကဏ္ဍ (၆) ရပ်အနက် ဦးစားပေးကဏ္ဍများကို သတ်မှတ်၍ အရှိန်အဟုန်မြှင့် တိုးမြှင့်အကောင်အထည်ဖော်ခြင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် တစ်ရပ်ကို ပြည်တွင်း၌ ညှိနှိုင်းရေးဆွဲခြင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ကုလသမဂ္ဂနှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးတို့မှ နည်းပညာနှင့် အကြံဉာဏ်များရယူနိုင်ရေး ဆောင်ရွက်ခြင်း၊ ပူးတွဲကြေညာချက်အား အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရလဒ်များကို စုစည်းပြုစု၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ အသိပေးခြင်း၊ အမျိုးသမီးများအား လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးနှင့် စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သတင်းမီဒီယာများမှတစ်ဆင့် လူထုအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ပါကြောင်း။
ယခု ပထမအကြိမ်အစည်းအဝေးတွင် ပူးတွဲကြေညာချက်ပါ ဆောင်ရွက်ရမည့် ကဏ္ဍ(၆)ရပ်အနက် ဦးစားပေးကဏ္ဍများ သတ်မှတ်ခြင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့်ကော်မတီ အဖွဲ့ဝင်များ ကော်မတီဝင်များဖြစ်ကြသော ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအားဖွဲ့စည်းသွားရန်၊ အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် တင်ပြသည့် အချက်အလက်များအပေါ် မူတည်၍ Action Plan (မူကြမ်း) စုစည်းရေးဆွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတည်ပြုချက် ရယူရန်အပါအဝင် အစည်းဝေးဆုံးဖြတ်ချက်(၈)ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ဆွေးနွေးချမှတ်ခဲ့ကြသည်။
ပူးတွဲကြေငြာချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်းနှင့် လုပ်ငန်းစီမံချက် ညှိနှိုင်းရေးဆွဲခြင်း စသော ဖြစ်ပေါ်တိုးတက်မှုများကို ၂၀၁၉ ခုနှစ် ဧပြီ (၂၆) ရက်တွင် ကျင်းပမည့် ပဋိပက္ခနှင့်စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်ဆွေးနွေးပွဲ၊ ၂၀၁၈ ခုနှစ်အတွက် ပဋိပက္ခနှင့်စပ်လျဉ်းသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတို့တွင် ထည့်သွင်းဖော်ပြခြင်းဖြင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများကို နိုင်ငံတကာသို့ အသိပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


