“ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၆

 

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေမည့် အချက်အလက်များ ဆွေးနွေးဖော်ထုတ်နိုင်ရေးအတွက် လစဉ် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ များကို ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ် ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်  (၂၅) ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံတွင် ပုစွန်မွေးမြူကန်ဧက စုစုပေါင်း (၁၁၃၇၃၀) ကျော်ရှိကြောင်း၊ ပုစွန်မွေးမြူသူများ၏ သားပေါက်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဇီဝလုံခြုံမှုစနစ်များ ထိန်းသိမ်းကြပ်မတ်နိုင်ရေး၊ ထုတ်ကုန်များ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး၊ အမှန်တကယ် မွေးမြူနေသူများ မြေယာ အသုံးပြုခွင့် လုပ်ပိုင်ခွင့်ရရှိရန်နှင့် နိုင်ငံတော်ကရသင့်သည့်အခွန်များ အပြည့်အဝရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ တစ်ပိုင် တစ်နိုင် မွေးမြူသူများ၊ စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများ၊ ပြည်ပသို့တင်ပို့ရောင်းချမည့် အဖွဲ့အစည်းများ အနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ချိတ်ဆက်ပြီး သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရရှိလာမည့် သုတေသနရလဒ်၊ နည်းပညာများကို ဖြန့်ဖြူးပေးခြင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူသူများ၊ စီးပွားဖြစ် မွေးမြူထုတ်လုပ်သူများက ပုစွန်ရောဂါ ကျရောက်ပြန့်နှံ့မှုမရှိရေးအတွက် ဇီဝလုံခြုံရေး ကောင်းစွာလိုက်နာကျင့်သုံး လုပ်ကိုင်ကြခြင်းဖြင့် ပုစွန်မွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မွေးမြူရေးသုတေသန ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တို့မှပညာရှင်များက မြန်မာနိုင်ငံ၏ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် အဓိကလိုအပ်ချက်များနှင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူရေး ဖော်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်ရမည့်အပိုင်းများ၊ မြန်မာနိုင်ငံ ရေချို၊ ရေငန် ပုစွန်မျိုးစိတ်တို့၏ မွေးမြူထုတ်လုပ်မှုနှင့် ဆက်စပ်သည့် နည်းပညာနှင့် သုတေသနများ၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး အခြေအနေများ၊ ပုစွန်မွေးမြူရေးတွင်အရေးပါသည့် ဇီဝလုံခြုံမှုစနစ်နှင့် လိုက်နာဆောင်ရွက် ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးများနှင့် စကားဝိုင်းဆွေးနွေးပွဲ တက်ရောက် လာကြသူများ၊ အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုသုံးသပ် တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)