ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက သင်တန်းကျောင်းများ၏ အရည်အသွေး စံချိန်စံညွှန်းဆန်းစစ် အကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့် တင်ပြခြင်း အခမ်းအနားကျင်းပ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည့် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကသင်တန်းကျောင်းများ၏ အရည်အသွေး စံချိန်စံညွှန်းဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့် တင်ပြခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

 

ယင်းနောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက သူနာပြုနှင့် သားဖွားဆရာမများ စွမ်းရည်နှင့် အရည်အသွေးပြည့်ဝရေးကို အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

 

ဆက်လက်၍ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က ပုဂ္ဂလိက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်လိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

 

ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်၍ နိုင်ငံတကာမှ ပညာရှင်များ လာရောက်သင်ကြားရေး၊ ဝန်ကြီးဌာနမှ ပညာရှင်များ လာရောက်သင်ကြားပို့ချပေးရေး၊ လက်တွေ့သင်ကြားမှုများကို ဝန်ကြီးဌာနမှ ဆေးရုံများအတွက် သင်ကြားခွင့်ပြုပါရေးနှင့် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် ပြုလုပ်သည့် မြန်မာနိုင်ငံဆေးကောင်စီမှ ဆေးပညာသင်ကြားရေး အရည်အသွေး စံချိန်စံညွှန်းပြည့်မီကြောင်း တရားဝင် အသိအမှတ်ပြုရေးကော်မတီ (Myanmar Medical Council Accreditation Committee - MMCAC) အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

 

ရှေးဦးစွာ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ အက်စ်ကျော်လှက မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များကို ဆေးပညာသင်ကြားရေး အရည်အသွေး စံချိန်စံညွှန်းပြည့်မီကြောင်း တရားဝင် အသိအမှတ်ပြုရေးအတွက် လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများ၊ Jhpiego အဖွဲ့၏ ပူးပေါင်းပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်ခဲ့ပြီး တပ်မတော်ဆေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် (မန္တလေး)တို့တွင် ကနဦးလေ့လာ ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ ဆေးပညာသင်ကြားရေး အရည်အသွေး စံချိန်စံညွှန်းပြည့်မီကြောင်း တရားဝင် အသိအမှတ်ပြုရေးကော်မတီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မာလာသန်းတို့က လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး တပ်မတော်ဆေးတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်(မန္တလေး)တို့တွင် ကနဦးလေ့လာဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် အတွေ့အကြုံနှင့် အခက်အခဲများကို အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာ ဝင်းဝင်းမြနှင့် ပါမောက္ခဒေါက်တာတင့်ဆွေလတ်တို့က ရှင်းလင်းတင်ပြကြသည်။

 

 

ယင်းနောက် တင်ပြချက်များအပေါ် ပါမောက္ခချုပ်များနှင့် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်များက ဆွေးနွေးအကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Training Canter ၌ ပြုလုပ်ကျင်းပသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာန Cardiac Catheterization Lab တွင် အသုံးပြုရန်အတွက် အလှူရှင် ဦးစွိဟုန်းနှင့် ဒေါ်မင်းမင်းသွယ် (ဘုရင်မဆပ်ပြာ မိသားစု)က အမေရိကန်ဒေါ်လာ ၈၁၀၀၀ တန်ဖိုးရှိသည့် Philips CX 50 Cardiac Ultrasound & ICE Module လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

 

ရှေးဦးစွာ အလှူရှင် ဒေါ်မင်းမင်းသွယ်က လှူဒါန်းရသည့်အကြောင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဝမ်းမြောက်စကား ပြောကြားသည်။

 

 

ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာ နွယ်နွယ်က လှူဒါန်းပစ္စည်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆေးရုံအုပ်ကြီး/ပါမောက္ခချုပ် ဒေါက်တာရီရီမြင့်က ကျေးဇူးတင်စကားပြောကြားသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ကင်ဆာလူနာဆောင် (၅)ထပ် အဆောက်အဦ မကြာမီဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 

 

(သတင်းစဉ်)