ညောင်ဦး ၂၂ မတ်
ပုဂံ-ညောင်ဦးဒေသတွင် အကောင်အထည်ဖော်ဆောင်မည့် စွန့်ထုတ်မိလ္လာ ရေဆိုးသန့်စင်မှုစနစ်အကြောင်း အများပြည်သူများသို့ ရှင်းလင်းပွဲကို ညောင်ဦးမြို့၊ မင်းနန်သူရွာ၊ Aureum Place Hotel၊ ကျန်စစ်သားခန်းမတွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုဂံ-ညောင်ဦး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က သဘာဝပတ်ဝန်းကျင်ကို အပြည့်အဝ အထောက်အကူပြုသည့် စွန့်ထုတ်ရေဆိုး သန့်စင်မှုစနစ်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ Bagan Heritage Zone ကို ထိခိုက်ပျက်စီးစေနိုင်သည့် အကြောင်းအချက်များတွင် စွန့်ထုတ်ရေဆိုးနှင့် စွန့်ပစ်အမှိုက် ပြဿနာများသည့် ထိပ်ဆုံးက ပါဝင်လျက်ရှိကြောင်း၊ ထိုပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံတကာ အဆင့်မီ နည်းပညာများနှင့် ခေတ်မီယန္တရားများ ဝယ်ယူသုံးစွဲရန် လိုအပ်ကြောင်း ကို အဆင့်ဆင့်သော တာဝန်ရှိသူများထံ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ တိုးပွားလာမည့် မြို့ခံလူဦးရေ၊ ခရီးသွားဧည့်သည်များကို ရည်စူး၍ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံ ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ Daiki Axis-A.C.R သုခချမ်းသာ ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဘိုဘိုလင်းမှ Product Knowledge များကို မိတ်ဆက် ရှင်းလင်းပြီး Daiki Axis-A.C.R သုခချမ်းသာ ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးသိန်းထူးမှ ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် အကောင်အထည်ဖော် ဆောင်မည့် ရေဆိုးသန့်စင်ခြင်း စက်ရုံ (Pilot Project) အား Power Point ဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။
အဆိုပါ ပုဂံ- ညောင်ဦးဒေသရှိ စွန့်ထုတ်မိလ္လာ ရေဆိုးသန့်စင်မှုလုပ်ငန်းကို ပုဂံ-ညောင်ဦး မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် Daiki Axis-A.C.R သုခချမ်းသာ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအောင်မြင်ပါက ပုဂံ-ညောင်ဦး ဒေသတွင် ရင်ဆိုင်နေရသည့် စွန့်ထုတ်မိလ္လာရေဆိုး စွန့်ပစ်ရန်နေရာ ရှားပါးမှုပြဿနာနှင့် သန့်စင်ခြင်းမပြုဘဲ တိုက်ရိုက်စွန့်ပစ်မှုကြောင့် မြစ်ရေညစ်ညမ်းမှု ပြဿနာတို့ လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းလင်းပွဲသို့ ညောင်ဦးမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁) ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၂) ဦးမြင့်စိန်၊ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၊ Daiki Axis-A.C.R သုခချမ်းသာ ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဘိုဘိုလင်း ဦးဆောင်သည့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများ စုစုပေါင်း ၃၀ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)


