ပုဂံခေတ်နှောင်း ဗိသုကာလက်ရာများ ပေါကြွယ်ဝသည့် မကွေးတိုင်းဒေသကြီး

၁ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာတည်ရှိပြီး ဒုတိယမြောက် ဧရိယာကျယ်ဝန်းတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မကွေးတိုင်းဒေသကြီးရဲ့ အလယ်ဗဟိုမှဖြတ်ပြီး မြောက်ဘက်မှတောင်ဘက်သို့ စီးဆင်းနေပါတယ်။ တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ပုဂံခေတ်နှောင်းဗိသုကာလက်ရာတွေ စေတီပုထိုး၊ ဂူဘုရားတွေ တည်ရှိတာကြောင့် ပြည်တွင်းဘုရားဖူးတွေနဲ့ နိုင်ငံခြားသားခရီးသည်တွေ သဘောကျနှစ်ခြိုက်ကြလို့ လာရောက်ကြပါတယ်။

 

မကွေးတိုင်းဒေသကြီးအတွင်း ကုန်းလမ်းရောရေလမ်းပါ သွားလာနိုင်ပါတယ်။ မြို့တော်မကွေးသို့ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကနေ တိုက်ရိုက်သွားနိုင်ပြီး မီးရထားနဲ့ဆိုရင် ရန်ကုန်-ပုဂံမီးရထားလမ်းရှိပါတယ်။ ဒါ့ပြင် မြို့ရှောင်လမ်း တွေလည်းရှိပါသေးတယ်။ ပြည်မြို့မှလာတဲ့ ကားလမ်းကလည်း တောင်တွင်းကြီး၊ မကွေး၊ရေနံချောင်း၊ ချောက်တို့ကို ဖြတ်သန်းကာ မန္တလေးအထိ ဆက်သွယ်ထားပါတယ်။

 

ပြည်တွင်းဘုရားဖူးအများစုဟာ မကွေးမြသလွန်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ ရွှေစက်တော်ဘုရား၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားတို့ကို ခရီးစဉ်တစ်ဆက်တည်း ဖူးမြော်ကြပါတယ်။ နိုင်ငံခြားသားခရီးသည် တွေကတော့ မင်းဘူးမြို့ရှိ နဂါးပွက်တောင်၊မကွေးမြသလွန်ဘုရား၊ မကွေးမြို့မဈေးကြီးနဲ့ မကွေးမြို့ရဲ့ ရိုးရာလက်မှု ပညာရပ်တစ်ခုဖြစ်တဲ့ ပန်းပဲအလုပ်ရုံတွေကို လာရောက်လေ့လာကြပါတယ်။ သံနဲ့ပြုလုပ်တဲ့ ပစ္စည်းတွေမှာ မကွေးမြို့ အမည်တံဆိပ်ခတ်နှိပ်နိုင်တာမို့ မကွေးမြို့ပန်းပဲဖိုဟာ နိုင်ငံခြားသားခရီးသည်တွေ လာရောက်လည်ပတ်တဲ့ နေရာတစ်ခုဖြစ်နေပါတယ်။

 

မကွေးမြို့ကို ရောက်ပြီဆိုရင် ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့ မကွေးမြသလွန်ဘုရားကိုဦးစွာ ဖူးမြော်နိုင်ပါတယ်။ မကွေးမြသလွန်ဘုရားကို မဟာသက္ကရာဇ် ၁၅၀ပြည့်နှစ်မှာ ရသေ့ကြီးသုံးပါး ဦးဆောင်ကာ တည်ခဲ့ပြီးကဿပဘုရားရှင်ရဲ့ ရွှေသားသလွန်နဲ့ ဂေါတမမြတ်စွာဘုရားရဲ့ မြသားသလွန်တို့ကို ဌာပနာထားပါတယ်။

 

အစောပိုင်းကာလမှာ ဉာဏ်တော် ၃၅ တောင်မြင့်ပြီးပုဂံခေတ် စောလူမင်းလက်ထက်မှာ ၅၅ တောင်အထိ တိုးမြှင့်ပြုပြင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ် (၁၈၄၇ ခုနှစ်)မှာ ငလျင်ဒဏ်ကြောင့် မြသလွန်ဘုရား ပြိုကျပျက်စီးခဲ့ရာ မကွေးမြို့သူကြီး မင်းထင်မင်းလှကျော်ခေါင်က ပြန်လည်ပြုပြင်ကာ ဉာဏ်တော် ၆၆ တောင် ၂၂ မိုက်အထိ တိုးမြှင့်ခဲ့တာလို့ သိရပါတယ်။ မကွေးမြသလွန်ဘုရားပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့တိုင်း ကျင်းပပါတယ်။

 

မကွေးမြို့ကနေ ဧရာဝတီတံတား (မကွေး) ကိုဖြတ်ပြီးဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့မှာရှိတဲ့ နဂါးပွက်တောင်၊ စက္ကိန်းတဲဘုရားတို့ကို သွားရောက်ဖူးမြော်နိုင်ပါတယ်။ နဂါးပွက်တောင်ဟာ မင်းဘူးမြို့ တောင်ဘက်မိုင်ဝက်ခန့်အကွာမှာ တည်ရှိပါတယ်။ ဘူမိဗေဒပညာရှင်တွေက ရွှံ့မီးတောင်လို့ ဆိုပါတယ်။ နဂါးပွက်တောင်လို့ခေါ်ဆိုကြတဲ့ ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ခန့်၊ ထိပ်ဝ ရှစ်ပေခန့်ရှိတယ်။ ထိပ်ဝမှာ ချိုင့်နေပြီးနှစ်ပေခန့်ရှိတဲ့ ရွှံ့ရေဗွက်တွေဟာ အသံမြည်ဟည်း၍ဆူပွက်နေကာ ဆင်ခြေလျှောအတိုင်း ပေ ၇၀ လောက်ထိ စီးဆင်းနေပါတယ်။

 

ရှင်ပင်စက္ကိန်းတဲဘုရားဟာ ရင်ပြင်မှ ဉာဏ်တော် ၄၈ပေ၊ လုံးပတ် ၄၉ ပေ ရှိတယ်။ မဟာပုဏ္ဏကုန်သည်ဟာ မဇ္ဈိမသို့ ကုန်ရောင်းကုန်ဝယ်သွားရင်း ရဟန်းဝတ်နေရစ်ခဲ့ရာမှ ဗုဒ္ဓမြတ်စွာဘုရားထံ ခွင့်ပန်ကာ သုနာပရန္တတိုင်း(မင်းဘူးခရိုင်အတွင်း)သို့ ပြန်ကြွလာရာ လေးဝါအရမှာရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့တယ်။ ညီတော် စူဠပုဏ္ဏဦးစီးတဲ့ ကုန်သည်တွေဟာ မာလာယုဒေသမှ တင်ဆောင်လာတဲ့ စန္ဒကူးသစ်တွေနဲ့ ကျောင်းတော်ဆောက်လုပ်အပြီးမှာ မဟာပုဏ္ဏထေရ်က မြတ်စွာဘုရားအား ပင့်ဖိတ်ကာစန္ဒကူးကျောင်းတော်ကို လှူဒါန်းခဲ့ပါတယ်။ အလှူပွဲပြီးတဲ့အခါ မြတ်စွာဘုရားပြန်လည်ကြွရောက်စဉ် ရှေးနောင်တော်ဘုရားတွေ ကိန်းဝပ်စံပယ်တော်မူခဲ့တဲ့ စက္ကိန်းတဲတောင်သို့ ဆင်းသက်ခဲ့ပါတယ်။  အဲဒီနေရာမှာ သိကြားမင်းက ရှင်ပင်စက္ကိန်းတဲဘုရားကို တည်ခဲ့တာလို့ဆိုပါတယ်။

 

မင်းဘူးမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဝက်ကြီးဂူအတွင်း ယိုးဒယားနံရံဆေးရေးပန်းချီတွေကိုလည်း လေ့လာနိုင် ပါသေးတယ်။ နန်းဆောင်၊ မုခ်ဝ၊ ရထားပုံတွေဟာ ယိုးဒယားဟန်တွေဖြစ်ကြပြီး မဟော်သဓာဇာတ်၊ ဝိဓူရဇာတ်၊ ဝေသန္တရာဇာတ်တွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ ပန်းချီတွေရဲ့အထက်မှာ မြန်မာစာ၊ အလယ်မှာမွန်စာနဲ့ အောက်မှာယိုးဒယားစာတွေဖြင့် မှတ်တမ်းတင်ထားပါတယ်။

 

မင်းဘူးကနေ ၃၆ မိုင်လောက်သွားရင် မန်းရွှေစက်တော်ကို ရောက်ပါတယ်။ ရွှေစက်တော်ဘုရားဟာ စကုမြို့ရဲ့ အနောက်ဘက် ၁၆ မိုင်အကွာ စကုမြို့နယ်နဲ့ ငဖဲမြို့နယ်အစပ်မှာ တည်ရှိပါတယ်။ မန်းရွှေစက်တော်ဟာ ဗုဒ္ဓမြတ်စွာရဲ့ လက်ဝဲတော်ခြေတော်ရာ အစစ်နှစ်ဆူရှိတာကြောင့် ထင်ရှားပါတယ်။ မဟာသက္ကရာဇ် ၁၂၄ ခုနှစ်ကမြတ်စွာဘုရားဟာ သုနာပရန္တတိုင်း ဝါဏိဇဂါမအရပ်(ပွင့်ဖြူမြို့နယ် သစ်တောရပ်)သို့ ွှကရောက်ကာ စန္ဒကူးနံ့သာကျောင်းတော်ရာ ရေစက်ချလှူဒါန်းတာကိုခံယူပြီး နောက်သာဝတ္ထိပြည်သို့ ပြန်လည်ကြွရောက်စဉ် မြတ်စွာဘုရားဟာ နမ္မဒါနဂါးမင်းရဲ့ တောင်းပန်မှုကြောင့် မန်းချောင်းကမ်းပါးကျောက်ဖျာအထက်မှာ ခြေတော်ရာတစ်ဆူ(အောက်စက်တော်ရာ)နဲ့ သစ္စဗန္ဓရဟန္တာရဲ့တောင်းပန်တာကြောင့် သစ္စဗန္ဓတောင်ထိပ်မှာ ခြေတော်ရာတစ်ဆူ (အထက်စက်တော်ရာ)တို့ကို ခတ်နှိပ်တော်မူခဲ့တာ လို့ သိရပါတယ်။

 

မန်းချောင်းနံဘေးရှိ ရွှေစက်တော်ပါဒစေတီကို မန်းရွှေစက်တော်လို့ ခေါ်ဆိုကြပါတယ်။ဒါ့ပြင် ဘာသာရေး ဆိုင်ရာ အမွေအနှစ်ဖြစ်တဲ့ ရွှေစက်တော်ဘုရားဝန်းကျင်ဒေသ၊ ရှားပါးမြန်မာ့ရွှေသမင်တွေ သဘာဝအတိုင်း ကျက်စားနေထိုင်တဲ့နေရာ၊ အပူပိုင်းဇုန်သစ်တောဂေဟစနစ်၊ မုန်းချောင်းနဲ့ မန်းချောင်းရေဝေကုန်းတန်းတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ဧရိယာ ၂၁၃ စတုရန်းမိုင်ကျယ်ဝန်းတဲ့ ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကိုလည်း ၁၉၈၅ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာမှာ ရှားပါးစာရင်းဝင်နေပြီဖြစ်တဲ့ ရွှေသမင်နဲ့ဆီချိုလိပ်(ခေါ်)ပန်းလိပ်(ခေါ်)ကြယ်လိပ်တွေဟာ ဒီဘေးမဲ့တော နယ်မြေအတွင်းမှာ ရှင်သန် ကျက်စားနေပါတယ်။ ဘုရားလည်းဖူးရင်း ဘေးမဲ့တောအတွင်း လိပ်ပြာဇုန်၊ ရွှေသမင်နဲ့ ကြယ်လိပ်တွေရဲ့ သဘာဝအလေ့အထနဲ့ နေထိုင်ကျက်စားပုံတွေကို စောင့်ကြည့်လေ့လာနိုင်ပါတယ်။ အပူပိုင်းဇုန် သစ်တော ဂေဟစနစ်၊ ငဖဲမြို့နယ်အတွင်းရှိ ကုန်းတွင်းရေချိုကန်ဖြစ်တဲ့ နတ်ရေကန်တို့ကိုလည်း လေ့လာနိုင် ပါတယ်။

 

မင်းဘူးမြို့မှ ၂၃ မိုင်ကွာဝေးတဲ့ ပွင့်ဖြူမြို့ကို ခရီးဆက်မယ်ဆိုရင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကို ဖူးမြော်နိုင်ပါတယ်။ ကျောင်းတော်ရာဘုရားက ပွင့်ဖြူမြို့ကျောင်းတော်ရာမြို့သစ်မှာ တည်ရှိပါတယ်။ မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်မှာသီတင်းသုံးနေစဉ် သုနာပရန္တတိုင်းမှ မဇ္ဈိမသို့ကုန်ရောင်းသွားကြတဲ့ ကုန်သည်အကြီးအမှူးမဟာပုဏ္ဏဟာ တရားနာခွင့်ရရှိခဲ့ပြီး ရဟန်းပြုကျန်ရစ်ခဲ့တယ်။ ကျန်ကုန်သည်တို့ဟာ ခရီးဆက်လက်ထွက်ခွာခဲ့ရာ စန္ဒကူးပင်တွေပေါက်ရောက်တဲ့ မာလာယုဒေသသို့ ရောက်ရှိခဲ့ကြပါတယ်။ အပြန်မှာ စန္ဒကူးသစ်တွေကို သယ်ဆောင်လာပြီး လယ်ကိုင်းအရပ်မှာကျောင်းတော်ကြီး ဆောက်လုပ်ခဲ့ပါတယ်။

 

စန္ဒကူးကျောင်းတော်ကြီးမှာ အဆောင်ပေါင်း၁၀၈ ဆောင်၊ လှေကား ၁၀ဝ၊ ပြတင်းပေါက်၁၀၆၀ ရှိပါတယ်။ မဟာပုဏ္ဏရဟန်းရဲ့ပင့်လျှောက်တာကြောင့် မြတ်စွာဘုရားဟာဝါဏိဇဂါမ(မင်းဘူးဒေသ)သို့ ကြွရောက်လာပြီး စန္ဒကူးကျောင်းတော်မှာ သီတင်းသုံးရင်းတရားရေအေး တိုက်ကျွေးခဲ့ပါတယ်။ မြတ်စွာဘုရားဟာ သက်တော်(၆၅)နှစ် ဝါတော် (၂၀)လောက်မှာ ဒီနေရာကို ကြွရောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ကျောင်းတော်ရာမှာ သာသနာတော် ခေတ္တကွယ်ပခဲ့သော် အဖိုးထိုက်တန်တဲ့ စန္ဒကူးသားနဲ့ ဆောက်လုပ် ထားတဲ့ကျောင်းတော်ကြီးကို ဖျက်ဆီးယူငင် သုံးစွဲမိရင်အပယ်လားကြမှာကို စိုးရိမ်လို့ မဟာပုဏ္ဏမထေရ်ရဲ့ အဓိဋ္ဌာန်နဲ့ ကွယ်ဖျောက်ခဲ့တာလို့သိရပါတယ်။

 

ဒီကျောင်းတော်ရာနေရာမှာ ပုဂံခေတ်ဦးကာလ(၁၀၉၇ ခုနှစ်)မှာ စေတီတော်တည်ထားကိုးကွယ်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်မှာ ကျောင်းတော်ရာစေတီကို အသစ်ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ဘကြီးတော် လက်ထက်၊ မင်းတုန်းမင်းလက်ထက်စတဲ့ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြလို့ ကျောင်းတော်ရာစေတီကို အခုတိုင် ဖူးမြော်နိုင်ကြတာပါ။ စေတီတော်ရဲ့ထူးခြားတာကတော့ ဝါတွင်းကာလမှာထောင်ပေါင်းများစွာရှိတဲ့ ငါးကြီးတွေဟာ ဘုရားဖူးရောက်လာကြတယ်။ အဲဒီဘုရားဖူးငါးတွေဟာ မာလာယုကျွန်းမှ စန္ဒကူးသစ်တွေကို သင်္ဘောနဲ့ သယ်ဆောင်လာတဲ့အခါ ငါးအသွင်ပြောင်းလဲလိုက်လာကြတဲ့  အစောင့်ဘီလူးတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ကျောင်းတော်ရာစေတီဟာ ဘုရားလည်းဖူး၊ ငါးလည်းကြည့်ဖို့ လာရောက်ကြလို့ စည်ကားလှပါတယ်။

 

ပွင့်ဖြူမြို့နယ်အဝင် လယ်ကိုင်းမြို့မှာရှေးဟောင်းဘုန်းကြီးကျောင်း နှစ်ကျောင်းဖြစ်တဲ့ သစ်သားရုပ်စုံကျောင်းနဲ့ ဖားဝပ် ဘုန်းတော်ကြီးကျောင်းတို့ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။မကွေးမြို့ကနေ မကွေး-တောင်တွင်းကြီး လမ်းအတိုင်း မိုင် ၂၀ ခရီးနှင်ပြီး လမ်းခွဲငယ်တစ်ခုအတွင်း ခုနစ်မိုင်ချိုးကွေ့ဝင်လိုက်ပါက ပုဂံခေတ်လက်ရာ တွေနဲ့ လွမ်းမောစရာမြို့ဟောင်းတစ်ခုဖြစ်တဲ့ မြင်ကွန်းမြို့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ မြင်ကွန်းမြို့ဟာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး ပုဂံခေတ်လက်ရာ ဘုရားစေတီပုထိုး၊ဂူကျောင်း ၆၀ ဝန်းကျင်ခန့်က သမိုင်းသက်သေအဖြစ် ကျန်ရှိနေသေးတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ကျုံးနဲ့ မြို့ရိုးဟောင်းကိုလည်း အခုတိုင်တွေ့ရပါတယ်။ ပျူခေတ်ပုတီးစေ့၊ ရေအိုးအပိုင်းအစ၊ အရိုးအိုးနဲ့ ပုဂံခေတ် ရှေးဟောင်းအဆောက်အအုံတွေ ရှိနေသေးပါတယ်။ မြင်ကွန်းမှာ လေးမျက်နှာဘုရားကျောက်စာ၊ အလိုတော်ပေါက်ဘုရား၊ သရဖီဘုရား၊ မုန့်ပေါင်းသည်ညီအစ်မဘုရား၊ ကွမ်းထမ်းညီနောင်ဘုရား၊ ရှင်အဇ္ဇဂေါဏဂူ၊ လေးဆူစံဘုရား၊ ရာဇူတိုင်ဘုရားနဲ့ ရွှေနန်းပေါက်ဘုရားတွေဟာ ထင်ရှားပါတယ်။

 

လေးမျက်နှာဘုရားအတွင်းမှာ နံရံဆေးရေးပန်းချီတွေနဲ့ အပေါ်ပစ္စယံထိ တက်နိုင်တဲ့နံရံအတွင်း လမ်းတွေကို လေ့လာနိုင်ပြီးလေးမျက်နှာဘုရားရဲ့ အနောက်မှာ အဂ္ဂိရတ်လမ်း စိတ်ဝင်စားသူတွေအတွက် အဖိုးအနဂ္ဃ ထိုက်တန်တဲ့ ရှင်အဇ္ဇဂေါဏ(ရှင်မထီး)ရဲ့ ဖိုထိုးနေရာ၊ တရားထိုင်နေရာဖြစ်တဲ့ ထွက်ရပ်ပေါက်အောင်ဂူတို့ကို တွေ့မြင်ရပါတယ်။

 

မြင်ကွန်းကနေဆက်ပြီး ပျူရှေးဟောင်းမြို့တော် ဗိဿနိုးကို သွားရောက်လေ့လာနိုင်ပါတယ်။ ဗိဿနိုးမြို့ ဟောင်းဟာ တောင်တွင်းကြီးမြို့မှ အနောက်ဘက် ၁၂မိုင်အကွာ မကွေး-တောင်တွင်းကြီး ကားလမ်းနံဘေးမှာ ရှိပါတယ်။ ဧရိယာ ၃ ဒသမ ၃ စတုရန်းမိုင်ကျယ်ဝန်းပြီး အရှေ့မြို့ရိုးဟာ ပေ ၁၀ဝဝ၊ မြောက်ဘက်မြို့ရိုးဟာ ပေ ၉၀ဝဝခန့်ရှိတယ်။

 

တောင်ဘက်မြို့ရိုးကတော့ ရန်ပယ်ချောင်းတိုက်စားသွားခဲ့ပါတယ်။ ဗိဿနိုးမြို့ဟောင်းအနီး ဗိဿနိုးမင်းသမီး တည်ထားကိုးကွယ်ထားတဲ့ မြို့ဦးစေတီတော် ရွှေရောင်တော်ဘုရားကြီးနဲ့ ရွှေရောင်တော်ဘုရားကြီးရဲ့ အနောက်မြောက်ဘက်မှာ ရွှေရောင်လျှံဘုရားတို့ကို ဖူးမြော်နိုင်ပါတယ်။ ဒါ့ပြင် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ ပျူသုံးမြို့ထဲကအစောဆုံးမြို့ဖြစ်တဲ့ ဗိဿနိုးမြို့ဟောင်းကို တူးဖော်ထိန်းသိမ်းပြသထားတဲ့ ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်မှာ ဗိဿနိုးယဉ်ကျေးမှု အနုပညာလက်ရာတွေ၊ အသုံးအဆောင်ပစ္စည်း တွေကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။

 

မကွေးမြို့ကနေ ၁၆ မိုင်အကွာမှာတည်ရှိတဲ့ မင်းလှမြို့နယ်မှာ အင်္ဂလိပ်-မြန်မာစစ်အတွင်းက ထင်ရှားခဲ့တဲ့ မင်းလှခံတပ်ရှိပါတယ်။ မကွေးမြို့တစ်ဖက်ကမ်းရှိ မင်းဘူးဘက်ကို မသွားဘဲ ဧရာဝတီတံတား(မကွေး) အဆင်းကနေ ၄၅ မိနစ်လောက် ကားစီးပြီးမင်းလှဘက်ကို သွားရပါမယ်။ မင်းလှခံတပ်ကို၁၈၆၀ ပြည့်နှစ်မှာ ကနောင်မင်းသားကြီးကကြီးကြပ်ပြီး ပြင်သစ်၊ အီတာလျံလူမျိုးအင်ဂျင်နီယာတွေနဲ့ တစ်နှစ်ကြာအောင် ဆောက်လုပ်ခဲ့ပါတယ်။ ခံတပ်ကြီးဟာ အရှေ့အနောက် အလျား ၁၈၄ ပေ၊ တောင်မြောက် ၂၇၁ ပေနဲ့ အမြင့် ၂၆ ပေရှိတယ်။

 

ဧရာဝတီမြစ်အနောက်ဘက်ကမ်းပါးမှာ တည်ဆောက်ထားပါတယ်။ ခံတပ်ကြီးအနောက်ဘက်မှာ ဝင်ပေါက် တစ်ခုရှိပြီးအလယ်မှာ ကွက်လပ်ချန်ထားကာ နံရံလေးဖက်တွင် စစ်သည်တော်တွေ နေထိုင်ရာ အခန်းတွေနဲ့ ရိက္ခာတွေသိုလှောင်ထားရာ အခန်းတွေရှိပါတယ်။ အခန်းအရေအတွက်အနေနဲ့ အရှေ့ဘက်ခြမ်းမှာ ခုနစ်ခန်း၊အနောက်ဘက်မှာ လေးခန်း၊ တောင်ဘက်မှာခြောက်ခန်းနဲ့ မြောက်ဘက်မှာ လေးခန်းစုစုပေါင်း ၂၁ ခန်းရှိပါတယ်။ ခံတပ်ရဲ့အတွင်းပိုင်းမှာ အပေါ်တက်ရန် လှေကားနှစ်စင်းရှိပြီး အတွင်းခံတပ် အနောက်ဘက်ဝင်ပေါက်ရဲ့ လက်ဝဲခံတပ်အပေါ်တို့မှာ အမြောက်တွေတင်ရန်အတွက် ဆင်ခြေလျှောလမ်း ပြုလုပ်ထားပါတယ်။ အမြောက်ဒဏ်ခံနိုင်ဖို့လည်း နံရံအထူကြီး နှစ်ခုကြားမှာ မြေသားများဖို့ပြီး တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ၁၈၈၅ ခုနှစ် နယ်ချဲ့အင်္ဂလိပ်တွေ ဝင်ရောက်တိုက်ခိုက်စဉ်က မင်းလှခံတပ်မှ မင်းထင်မင်းလှရဲခေါင်သူရိန်နဲ့ တပ်သား ၅၀ဝကျော်တို့က အမြောက်ကြီး ၃၅ လက်၊ ဓား၊သေနတ်၊ မီးပေါက် စတဲ့ လက်နက်တို့နဲ့ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

မင်းလှခံတပ်ကနေ မလွန်တံတားဖြတ်ပြီးဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှ မိကျောင်းရဲ မြို့ရှိ ကွေ့ချောင်း ခံတပ်နဲ့ မိကျောင်းရဲမြို့ရဲ့တောင်ဘက် ဧရာဝတီမြစ်အလယ်ကျွန်းရှိကျွန်းတော်ရွာမှ ပုဂံခေတ်ဟောင်း စေတီပုထိုးတွေကိုလည်း ဖူးမြော်နိုင်ပါတယ်။ ကွေ့ချောင်းခံတပ်ကို ၁၈၆၁ခုနှစ်က အီတာလျံအင်ဂျင်နီယာနဲ့ မြန်မာအင်ဂျင်နီယာတို့က ပေ ၄၅၀မြင့်တဲ့ တောင်ကုန်းထက်မှာ တည်ဆောက်ခဲ့ပါတယ်။

စိုးစိုးနိုင်(ကြေးမုံ)

ဆက်လက်ဖော်ပြပါမည်