မန္တလေး ၂၀ ဧပြီ

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးတွင် အကြောင်းမဲ့ မီးထတောက်သည့် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်နေသည့်အိမ်အား မီးသတ်ယာဉ်ဖြင့် စောင့်ကြည့်နေမှုကို ဧပြီလ ၁၉ ရက် ညပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း ၆၃ လမ်းကြား၊ ၂၈ လမ်း ၂၉ လမ်းကြားရှိ နေအိမ်တစ်ခုအတွင်းမှ  ပစ္စည်းအချို့မှာ ဧပြီ ၁၈ ရက်နေ့မှ စတင်ပြီး အကြောင်းမဲ့ မီးထတောက်မှု ဖြစ်ပွားခဲ့သဖြင့်  မီးသတ်ယာဉ် ၂ စီးဖြင့် စောင့်ကြည့်ပေးခဲ့ကြောင်း သိရသည်။

 

“ဒီသတင်းက အွန်လိုင်းမှာ ပျံ့လာလို့ ကျွန်တော်တို့ ခရိုင်မီးသတ်တပ်ဖွဲ့  ညွှန်ကြားချက်နဲ့ အိမ်ရှေ့မှာ အဆင်သင့် စောင့်ကြည့်နေခဲ့တယ်။ တစ်စုံတစ်ခုဖြစ်လာရင် ကူညီနိုင်အောင်လို့ပါ။ အခု မီးထတောက်တာတွေလည်း မရှိတော့ဘူး ဆိုတော့ မီးသတ်ယာဉ်တွေကို ရုပ်သိမ်းလိုက်တာပါ''ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

အဆိုပါနေအိမ်၏ အောက်ထပ်အတွင်းမှ ထင်းရှူးသေတ္တာ၊ နေအိမ်အပေါ်ထပ်မှ ဗီဒို၊ ခန်းဆီးလိုက်ကာ၊ မွေ့ယာတို့မှာ အကြောင်းမဲ့ မီးထတောက်ကြောင်း သိရသည်။ ဧပြီလ ၁၈ ရက်က ပစ္စည်းများ မီးထတောက်မှု ၁၂ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး အခြားပစ္စည်းများကို အိမ်ရှေ့တွင် စုပုံထားရကြောင်း သိရသည်။

 

အိမ်ရှင်အမျိုးသားရှိသောနေရာအနီးနှင့် လူမရှိသော နေရာများတွင် ညှော်နံ့ဦးစွာရရှိလာပြီး မီးထလောင်မှုဖြစ်ပွားသဖြင့် နေအိမ်အနှံ့တွင် အစောင့်များထားရှိ စောင့်ကြပ်ကြည့်ရှုရကြောင်း၊ အမှတ် ၃ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း စောင့်ကြပ်ပေးနေသည့်အပြင် သံဃာတော်များမှလည်း အန္တရာယ်ကင်း ပရိတ်များ ရွတ်ဖတ်ခြင်း လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

 

အကြောင်းမဲ့ မီးထတောက်မှု ဖြစ်ပွားခဲ့သည့်အိမ်တွင် ယခုလ ၁၉ ရက် ညပိုင်းမှ စတင်ကာ မီးများ ငြိမ်သက်သွားပြီဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်