မိုးညှင်း ၂၀ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ပုညရှင်တောရအပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာ၏ ဦးစီးပဓာနဆရာတော် ဒေါက်တာအရှင်ကစ္စာယန၏ ဦးဆောင်မှုဖြင့် အများပြည်သူ စုပေါင်းထည့်ဝင်လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့သည့် ပုညရှင်စက္ခုပါမျက်စိကုဆေးရုံဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါမျက်စိကုဆေးရုံ၌ ကျင်းပသည်။
အခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် ကြွရောက်လာသည့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး၊ ပုညရှင်ဦးစီးပဓာနဆရာတော်၏ ထေရုပ္ပတ္တိကို ပဲခူးမြို့ သုခိတာရာမ သီလရှင်စာသင်တိုက် စာချနာယကဆရာမကုဏ္ဍလထေရီမှ ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ သင်္ဃမိတ္တာသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးများက ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေတံဆိပ်များရှင် နိုင်ငံကျော်တေးသံရှင် အဆိုတော်မေသက်ထားဆွေမှ ရတုပိုဒ်စုံတေးထပ်တို့ဖြင့် သီကျူးပူဇော်ခြင်းနှင့် ရန်ကုန်မြို့ကမ္ဘာအေးယဉ်ကျေးမှုနှင့်အဘိဓမ္မာသင်တန်းမှူး ဆရာတော်အရှင်ဝါယမသာရက ဂါထာတော်ဖြင့် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဒေါက်တာအရှင်ကစ္စာယနနှင့် တာဝန်ရှိသူများက မျက်စိဆေးရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယခုဖွင့်လှစ်လိုက်သည့် ပုညရှင်စက္ခုပါလမျက်စိကုဆေးရုံကြီးသည် ၂၀၁၇ခုနှစ် ဇွန်လမှစတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်းကုန်ကြငွေ ကျပ်သိန်းပေါင်း (၄၃၀ဝ)ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုန်ကျငွေများအား အများပြည်သူများက စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ဆေးရုံသစ်ဖွင့်ပွဲနှင့်အတူ မျက်စိဝေဒနာရှင်များကို ယနေ့နေ့လယ်ပိုင်းမှစတင်၍ မျက်စိ ဝေဒနာရှင် (၃၀ဝ၀)ကျော်ကို ယခုလ(၂၄)ရက်နေ့အထိ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ရန်လိုအပ်သည့်လူနာများအား ယခုလ(၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ အခမဲ့ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


