ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်း နှင့်ညီမျှသည့် မြန်မာငွေကျပ် သိန်း ၁၃၃၀ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

နေပြည်တော် ၃၀ စက်တင်ဘာ

 

ပုပ်ရဟန်းမင်းကြီး His Holiness Pope Francis မှ လှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်ညီမျှသည့် မြန်မာငွေအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေး အပ်ခဲ့သည်။

 

အလှူငွေပေးအပ်ပွဲတွင်    “ဒီနေ့လှူဒါန်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက ကျွန်တော်တို့ဒေသ၊ အထူးသဖြင့် မောင်တောဒေသမှာ အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ဒုက္ခရောက် နေကြတဲ့ ပြည်သူတွေကို ကူညီချင်တဲ့ သူ့ရဲ့စေတနာအရ သူကိုယ်တိုင် မလာရောက်နိုင်သော်လည်း၊ သူ့ကိုယ်စား အဖွဲ့အစည်းက လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး လှူဒါန်းတဲ့ငွေက အမေရိကန်ဒေါ်လာ တစ်သိန်းဖြစ်ပါတယ်။ ဒီငွေကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေ တိုက်ရိုက်အကျိုးရှိနိုင်အောင် အထူးသဖြင့် ရေရှည်လည်း အကျိုးဖြစ်မယ့် လမ်းတွေ၊ ရေတွင်းရေကန်တွေစတဲ့ သူတို့ရဲ့လူမှုရေး လိုအပ်ချက်တွေမှာ အကျိုးရှိအောင် အသုံးပြုသွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။" ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

 

ထို့အပြင် " ဒါကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အခုလို လှူဒါန်းတဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဝမ်းသာမဆုံးဖြစ်မိပါတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အခက်အခဲဖြစ်နေတာကို ကူညီပေးတာဟာ အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်။  ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာမှာ လတ်တလော ဆောင်ရွက်လို့ ရတာတွေကို ဆောင်ရွက်နေသလို၊ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကိုလည်း အစီအစဉ်တကျ ဆောင်ရွက်နေပါတယ်။ ပြည်နယ်အနေနဲ့ လုပ်နိုင်တာတွေအပြင် နိုင်ငံတော်အစိုးရကလည်း  အများကြီး ပံ့ပိုးဖြည့်ဆည်း ပေးထားတဲ့အတွက် ဒီလုပ်ငန်းတွေလည်း အများကြီးလုပ်ဖြစ်ပါတယ်။ အကျိုးလည်းရှိပါတယ်။  အလားတူ ဒီနေ့အခမ်းအနားလို နိုင်ငံတကာအလှူရှင်တွေနဲ့ ပြည်တွင်း ပြည်ပက အလှူရှင်များကလည်း လှူဒါန်းမှုတွေ အများကြီး ဆောင်ရွက်ပေးတဲ့အတွက် လုပ်ငန်းတွေလည်း အများကြီးအောင်မြင်မှုတွေရှိသလို တိုးတက်မှုတွေလည်းရှိပါတယ်။” ဟု ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားသည်။

 

 

ထို့ပြင် အလှူငွေ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ “ကျွန်တော်တို့ အခုလာတာက ဒုတိယ အကြိမ်ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ  တစ်သိန်းကို ကျွန်တော်တို့ကနေတစ်ဆင့် သာသနာရေးဝန်ကြီးကို လှူပါတယ်။ သာသနာရေးဝန်ကြီးက တစ်ဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးဖို့အတွက် လာရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းမေတ္တာအဖွဲ့အနေနဲ့  နိုင်ငံတကာမှာ အဖွဲ့ခွဲပေါင်း ၉၀ ကျော် ရှိပါတယ်။ အဲဒါတွေကို ကွန်ရက်ချိတ်ဆက်ပြီး အလုပ်လုပ်နေပါတယ်။ လာမယ့် နှစ်နှစ်တာ ကာလအတွင်း ၂၀၂၀ ခုနှစ်မှာ ရခိုင်ပြည်နယ်သာမက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်စတဲ့ မငြိမ်းချမ်းတဲ့နေရာတွေ၊ ပဋိပက္ခ ဖြစ်ပွားတဲ့နေရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြန်လည်ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဘာသာရေးခေါင်းဆောင်တွေကနေ တစ်ဆင့် ကူညီဆောင်ရွက်ဖို့ဆိုပြီး ကျွန်တော်တို့ လုပ်ငန်း စဉ်ချမှတ်ထားပါတယ်။ လာမယ့် နိုဝင်ဘာလထဲမှာ နိုင်ငံတကာက ဘာသာရေးခေါင်းဆောင်တွေ၊ ပြည်တွင်းက ဘာသာရေး ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းအသီးသီးက NGOတွေ၊ သံတမန်တွေ ပါဝင်တဲ့ ဆွေးနွေး ပွဲကြီးတစ်ခုကို နေပြည်တော်မှာကျင်းပဖို့ ပြင်ဆင်နေပါတယ်။" ဟု ငြိမ်းချမ်းမေတ္တာအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက ပြောကြားသည်။ 

 

 

ငြိမ်းချမ်းမေတ္တာ အမြုတေအဖွဲ့ဝင် အစ္စလာမ်ဘာသာကိုယ်စားလှယ် ဦးအေးလွင်က “ကျွန်တော်တို့ လှူတဲ့ငွေတွေကို ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ နှောင်ကြိုးမဲ့အလှူ ဖြစ်ပါတယ်။ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးတရားကို ဘာသာရေး ရှုထောင့်ကနေပြီး ပြည်သူတွေကို နှလုံးစိတ်ဝမ်းငြိမ်းချမ်းအောင်လုပ်ပါမယ်။ ဒါ့အပြင် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေမှာ တနိုင်တစ်ပိုင်လုပ်ဖို့ အစီအမံတွေရှိပါတယ်။ ဒါပထမဆုံး ခြေလှမ်း တွေပဲ ရှိပါသေးတယ်။ ဆက်ပြီးဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါတယ်။ ကျွန်တော်တို့က ဘာသာရေးအခြေခံတယ်။  ကျွန်တော်တို့ ဘာသာရေးရှု့ထောင့်ကနေပြီး ငြိမ်းချမ်းရေးနဲ့ မေတ္တာ၊ ခွင့်လွှတ်မှုနဲ့ သည်းခံမှု၊ မတူကွဲပြားမှုတွေကို အားလုံးက နားလည်သဘောပေါက် အောင် ကျွန်တော်တို့ ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင်ကြီးများက ရည်ရွယ်ချက် ရှိပါတယ်။ အဲဒီအစီအမံတွေနဲ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို လာရောက်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

 

တွေ့ဆုံမေးမြန်း - ကံထွန်း(ဟံတာမြေ)

ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)