ပုသိမ် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲသို့ လာရောက်ကြသူများ၏ ရင်တွင်းစကားသံများ

ပုသိမ်  ၄ နိုဝင်ဘာ 

 

ပုသိမ် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ကို ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  နိုဝင်ဘာလ ၄ ရက်တွင် ဆက်လက်ကျင်းပသည်။ ပွဲတော်သို့ လာရောက်သည့်  ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများနှင့် လာရောက် ကြည့်ရှုလေ့လာသူများ၏ စကားသံများ ကို ဖော်ပြလိုက်ပါသည်-

 

 

 

 

ရွှေရည်နှင်းဝေ၊ စတုတ္ထတန်း (ပုသိမ်)

 

ဒီပွဲကို လာရတာ သမီးအလွန်ပျော်တယ်။ ဒီလိုပွဲတွေကို ခဏခဏလုပ်စေချင်တယ်။ ဂိမ်းတွေလည်း ဆော့ရတယ်။ ဒီလိုပွဲကိုလာတော့ သမီးအတွက် ဗဟုသုတတွေ အများကြီး ရလို့ ခဏခဏ လုပ်စေ ချင်ပါတယ်။ သူငယ်ချင်းတွေကို မနက်ဖြန် နောက်ဆုံးနေ့မို့ ဒီကိုလာစေချင်တယ်။ ဗဟုသုတတွေ အများကြီးရ တယ်၊  ဂိမ်းတွေလည်း ဆော့ရတယ်၊ စာအုပ်တွေလည်း အများကြီးရှိတယ်။ ကိုယ်မသိတဲ့ ဟာတွေလည်း သိရ ပါတယ်လို့ ပြောချင်ပါတယ်။

 

 

 

မောင်လင်းသူဇာထိုက်၊ ဆဋ္ဌမတန်း (အပင်နှစ်ဆယ်ရွာ)

 

သားဒီကိုလာရတာ အလွန်ပျော်တယ်။ မိကျောင်းတွေ ကြည့်ခဲ့ရတယ်။ သားအတော် သဘောကျတယ်။ နောက်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ အလင်းရောင်ကိုလက်နဲ့ အုပ်လိုက်ရင် တံခါးက ပွင့်သွား တာမျိုးတွေ၊ လက်ခုပ်တီးလိုက်ရင် မီးပွင့်တာမျိုး တွေကို ကြည့်ရတာ ကြိုက်တယ်။ သားပြခန်းတွေ တော်တော် များများ ကြည့်ပြီးသွားပြီ၊ သားက ပုံဆွဲရတာကို အလွန်ကြိုက်တယ်၊ သားပုံဆွဲ ပြိုင်ပွဲမှာ သွားပြိုင်ဦးမှာ။ သားသူငယ်ချင်း တွေကို  ပျော်ဖို့ကောင်းလို့ လာစေချင်တယ်။ လာပါလို့လည်း ပြောချင် ပါတယ်။

 

 

 

သက်ထားစံ ၊ ပဉ္စမတန်း ၊အ.ထ.က (၂)ပုသိမ်

 

စကားပုံဆက်တာကို ကစားပြီးသွားပြီ။  ဒီကိုလာရတာ ဗဟုသုတတွေလည်းရတယ်၊ အသိဉာဏ် ပညာတွေ လည်းတိုးပါတယ်။ သမီးတို့ မမြင်ဖူးတဲ့အရာတွေကိုလည်း မြင်ရ တယ်။ ဟိုတစ်နှစ်တုန်းက ရန်ကုန်မှာ လုပ်တုန်းက သမီးတို့ မမြင်ရဘူးလေ။ ဒီမှာဆို တော့ အားလုံးကိုမြင်ရတယ်။  

 

 

 

မခင်ချိုချိုဖြိုး၊ ဆဋ္ဌမတန်း

 

သမီးက ဒီပွဲမှာ ဦးဇော်ဝင်းထွဋ်သီဆိုထားတဲ့ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်နဲ့  ဖျော်ဖြေ ရမှာ ဖြစ်ပါတယ်ရှင်။ ဒီပွဲမှာ လာဖျော်ဖြေရတဲ့အတွက် အလွန်ပဲပျော်ပါတယ်။ ပြခန်းတွေကြည့်ရတဲ့ အတွက်လည်း ဗဟုသုတ မျိုးစုံရပါတယ်။ အရုပ်ဆက်၊ စကား ပုံဆက် တွေလည်း ကစားပြီးသွား ပါပြီ။ တခြားဂိမ်း တွေလည်း သွားဆော့ဦးမယ်။  

 

 

 

မှုံနံ့သာ (အဋ္ဌမတန်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း)

 

ပွဲတော်ဖွင့်ပွဲနေ့က ရိုးရာ ခြင်းလုံးခတ်နည်းနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဒီနေ့ ညနေ (၄) နာရီ မှာလည်း ထပ်မံ ဖျော်ဖြေဦးမှာပါ။ ခြင်းလုံးကို ခြောက်ခရိုင်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ ခြင်းရုံက ပြိုင်ပွဲ မှန်သမျှကို လည်း ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ ဒီနေ့ပြသထားတဲ့ ပြခန်းတွေထဲမှာ နည်းပညာတက္ကသိုလ် က အဆောက်အအုံ ဆောက်လုပ်ထားတဲ့ ပုံစံကို သဘောကျပါတယ်။ အခု ကလေးစာပေပွဲတော်မှာ ရိုးရာ ခြင်းလုံးခတ်နည်းနဲ့ ပါဝင် ဖျော်ဖြေရတဲ့ အတွက်လည်း အများကြီး ဂုဏ်ယူပါတယ်။ အခုတစ်ကြိမ်က ပထမဆုံးပါ။ ပွဲတော်မှာ တစ်ခါမှ မမြင်ဖူးတာတွေ မြင်တွေ့ခွင့်ရတယ်။ ပျော်ဖို့ကောင်းပါတယ်။  

 

 

 

ဒေါ်ခိုင်မာမြင့် (ကလေးမိဘ၊ ပုသိမ်မြို့)

 

ကလေးတွေ အများကြီး လာကြတယ်။ မမြင်ဖူးတာတွေလည်း မြင်ရတယ်။ မြို့ပေါ်က ကလေးတွေအဖို့ သိပ်မထူးဆန်းပေမယ့် နယ်က ကလေးတွေကျတော့ မတွေ့ဖူးတာတွေ တွေ့မြင်ရတယ်။ မကြုံဖူးတာ ကြုံရတယ်။ စာအုပ်ပြခန်းများ၊ အခြား ဗဟုသုတ ရဖွယ်ရာ ပြခန်းများ၊ ပညာရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ ပြခန်းတွေ အကုန် မြင်တွေ့ ခွင့်ရတယ်။ အဲဒီအတွက် သူတို့ ကျေနပ်မှာပါ။ ပြခန်းတွေကလည်း ပညာရေးနဲ့ ပတ်သက်တာတွေ ပါပါတယ်။ ဒါပေမယ့် လာတဲ့ကလေးက များတဲ့ အတွက် ကလေးအင် အား နဲ့ ဆော့ရတဲ့ အရေအတွက်က မမျှဘူး။ ပိုပြီးတော့ ထပ်ထည့်ပေးနိုင်ရင် ကောင်းတာပေါ့။  

 

မဆော့လိုက်ရတဲ့ကလေး၊ မသိလိုက်ရတဲ့ ကလေးတွေ ရှိပါတယ်။ ဒီပွဲတော်ကို ကလေးတိုင်း လာရောက် စေချင်ပါတယ်။   အန်တီ့သမီးက ဒီပွဲမှာ ခြင်းလုံးနဲ့ ပါဝင်ဖျော်ဖြေသလိုပဲ တစ်ခြားကလေး တွေကိုလည်း ပါဝင်စေချင်ပါတယ်။ ရိုးရာခြင်းပညာမှာ မိန်းကလေး ခတ်တာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ သူခတ်နေတာကို မြင်ပြီးတော့ တစ်ခြားကလေးတွေလည်း စိတ်ပါဝင်စားတယ်ဆိုရင် ဆက်သွယ်လို့ ရပါတယ်။

 

ပျောက်ကွယ် လုနီးပါးဖြစ်နေတဲ့ ရိုးရာခြင်းပညာကို လာရောက် ခတ်ပြခြင်း ဖြစ်ပါတယ်။ နောက်ပွဲတွေမှာ ကလေးတွေ စိတ်ဝင်စားတဲ့အရာတွေကို ဒီထက်အများကြီး ထည့်စေချင်ပါတယ်။  ကလေးတွေက ဆရာမတွေနဲ့ လာတော့ အချိန်ကြာကြာ မရတဲ့အတွက် စာဖတ်ချိ်န် မရကြပါဘူး။ လျှပ်တစ်ပြက် သူတို့ စိတ်ဝင်စားနိုင်မယ့် အကြောင်း အရာမျိုးကို ပိုပြီးတော့ များများ ထည့်ပေးနိုင်ရင် ပိုကောင်း ပါလိမ့်မယ်လို့ အကြံပြုလိုပါ တယ်။

 

အောင်မင်းဟန်နှင့်အဖွဲ့