ပုသိမ်ကလေးစာပေပွဲတော် နောက်ဆုံးနေ့သို့ လာရောက်လေ့လာသူများ၏ စကားသံ

ပုသိမ်  ၅ နိုဝင်ဘာ

 

 

ပုသိမ်ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ နောက်ဆုံး နေ့ကို ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ဆက်လက် ကျင်းပရာ ပွဲတော်သို့ လာရောက်သည့် ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများနှင့် လာရောက်ကြည့်ရှု လေ့လာ သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည် -

 

 

 

ဒေါ်တင်တင်ချို (မြို့နယ်ပညာရေးမှူး ဒုလက်ထောက်၊ ဒုကြီးကြပ် ၊ မြောင်းမြမြို့)

 

အခုလို ကလေးတွေနဲ့၊  စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနဲ့ ဆောင်ရွက် ပေးတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဒီလိုပွဲတွေ ကျင်းပပေးတဲ့အတွက် အသိပညာ ဗဟုသုတတွေလည်း အများကြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အကြံပြုချင်တာက  ကလေးတွေအတွက် ကစားနည်း တွေက လိုနေသေးတယ်။ တချို့ ဆရာမတွေကျတော့ ပျောက်မှာစိုးလို့ မပါဝင်ခိုင်းဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ကို ပါဝင်ဆင်နွှဲစေချင်ပါတယ်။ ကစားနည်းမျိုးစုံကို ထည့်ပေးစေ လိုပါတယ်။ မူကြိုဆိုရင် မူကြိုအဆင့် စသဖြင့် အရွယ်အလိုက် ကစားနည်းလေးတွေကို ဖြည့်စွက်ပြီး ထည့်ပေးစေချင်တယ်။

 

 

 

ဒေါ်ညွှန့်ညွှန့်မာ (မူလွန်၊ လက်ပံကျောင်း )

 

ဒီလိုပွဲတော်တွေ လုပ်ပေးတဲ့အတွက် ကလေးတွေအတွက် ဗဟုသုတရတယ်၊ အသိသစ် အမြင်သစ်တွေ တိုးပွားတယ်လို့ မြင်မိတယ်။ ကျေးလက်ဒေသကလာတဲ့ ကလေးတွေအတွက်ဆို ပိုပြီးတော့ ဗဟုသုတတွေများစွာ ရရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပတဲ့အတွက် အင်မတန် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ကလေးတွေနဲ့ သက်ဆိုင်တဲ့  ပြခန်းမျိုးလေးတွေ ပိုထည့်ပေးနိုင်မယ်ဆိုရင် ကောင်းပါတယ်။ ကလေးတွေ လေ့လာတဲ့အခါ တချို့နေရာတွေမှာ ပွဲတော်လာတဲ့ လူများတော့ လူတိုးရတာနဲ့ ကလေးတွေ မကြည့်ရတဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့် ကျယ်ကျယ်ဝန်းဝန်းလေး ပြပေးထားရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။

 

 

 

မခင်နှင်းယု (တတိယနှစ်၊ စီးပွားရေးတက္ကသိုလ်)

 

ကလေးစာပေပွဲတော် ကျင်းပတဲ့အတွက် ဗဟုသုတရပါတယ်။ လူငယ်တွေ၊ ကလေးတွေအတွက် စာကြည့်တိုက်တွေ ရှိဖို့ ပိုလိုအပ်တယ်။ စာကြည့်တိုက်တွေရှိတော့ အလွယ်တကူ စာအုပ်တွေ ပိုဖတ်လာပါမယ်။ စာအုပ်တွေကတော့ ရောင်းတဲ့ဆိုင်တွေမှာလည်း ရှိပါတယ်။ ကိုယ်က ဗဟုသုတရမယ့် စာပေပြန်ရွေးရပါတယ်။ ဒါပေမယ့် ဗဟုသုတရနိုင်တဲ့၊ အသိပညာရနိုင်တဲ့ စာအုပ်တွေ အများစုက စာကြည့် တိုက်တွေမှာရှိတဲ့အတွက် စာကြည့်တိုက်တွေ ပိုဖွံ့ဖြိုးစေချင်ပါတယ်။

 

 

 

 

ဦးလှဌေး (အထက်တန်းကျောင်းအုပ်) မအူပင်

 

တိုင်းဒေသကြီးမှာ အခုလို ကျင်းပသလို မြို့နယ်အလိုက်၊ မြို့နယ်အထိ ကျင်းပပေးမယ်ဆိုရင် ပိုမို ထိရောက်အောင်မြင်မယ်လို့ မြင်ပါတယ်။ စာအုပ်စာပေနဲ့ ပတ်သက်ပြီးတော့ အထက်တန်းကျောင်းတွေမှာလောက်ပဲ စာကြည့်တိုက်ဆိုတာ ရှိတယ်။ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းတွေဆိုရင် စာကြည့်တိုက် မရှိသလောက်ပဲ။ ဒါကို နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စတင် အကောင်အထည်ဖော် လုပ်ပေးရင် ကောင်းပါတယ်။ စာကြည့်တိုက် မဟုတ်ရင်တောင် အားရင် ဖတ်ဖို့ စာဖတ်ခန်းလေးတွေ ထားပေးရင် ၊ စာဖတ်ခွင့်ပေး မယ်ဆိုရင် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။

 

 

 

 

မရွှန်းပြည့်ပြည့်စံ(သတ္တမတန်း၊ အ.ထ.ကကျောင်း၊ ရေလဲကလေးကျေးရွာ)

 

ဒီကလေးစာပေပွဲတော်ကို ပထမဆုံး ရောက်ဖူးတာပါ။ ဒီမှာ ကျောင်းသူတစ်ယောက် အနေနဲ့ လေ့လာစရာတွေ အများကြီးပါ။  ကျပန်းစကားပြော ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတွေကတော့ အများကြီးပဲ။ ကိုယ့်ထက် တော်တဲ့သူတွေ အများကြီး ရှိတယ်။ သူတို့လို ကြိုးစားမယ်ဆိုတဲ့စိတ်မျိုး ဖြစ်မိတယ်။ ကျန်တဲ့ ဗဟုသုတတွေလည်း ရတာတွေ အများကြီးပါ။

 

 

 

 

ဒေါ်စိုးစိုးရီ (အ.လ.ကခွဲ ၊ ပုသိမ်မြို့)

 

အခုလို ကျင်းပတဲ့အတွက် ကလေးတွေ၊ မိဘတွေ၊ ဆရာ၊ ဆရာမတွေ အားလုံးအတွက် ဗဟုသုတ ရပါတယ်။ ပွဲတော်က ပြည့်စုံပါတယ်။ ဖြစ်နိုင်ရင်တော့ ရက်ကြာကြာ ကျင်းပစေချင်တယ်။ အခုပွဲတော်က သုံးရက်ပဲ ကျင်းပတာဖြစ်တဲ့အတွက် နယ်ပေါင်းစုံက လူတွေလာကြတော့ လူတော်တော်ကြပ်ပါတယ်။ တိုးရတာတွေရှိပါတယ်။ တိုးနေရတော့ အေးဆေးမဟုတ်ဘဲ ကလေးတွေ ပျောက်မှာလည်း စိုးရိမ်နေရတယ်။ အေးဆေး မလေ့လာရတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေး ဆေးဆေးဖြစ်အောင် ဆောင်ရွက်ပေးပါလို့ အကြံပြုချင်ပါတယ်။

 

 

 

 

မထက်ထက်ကျော် (St.John’s Private  School)

 

အသိပညာပေးပြခန်းတွေ သဘောကျတယ်။ မှုခင်းပညာပြခန်း၊ လူကုန်ကူးတာ၊ ကလေးတွေ မူးယစ်ဆေးသုံးတာတွေ အဲဒါတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရတယ်။ အခုခေတ်မှာ ကလေးတွေက ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေးတွေ သုံးကြတာတွေ ရှိလာတဲ့အတွက် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ အသိပညာပေး ပြခန်းတွေ များများထည့်စေချင်ပါတယ်။  ပွဲတော်မှာ အမှိုက်တွေ ချကြတယ်။ အမှိုက်တွေ မပစ်ချဘဲ စည်းကမ်းရှိရှိနဲ့ အမှိုက်ပစ်ရင် ကောင်းပါတယ်။ 

 

 

 

 

ဒေါ်သီတာစိုး (ကျောင်းသားမိဘ၊ ပုသိမ်မြို့)

 

ပညာရေးဆိုတာ ကြိုးစားရင် ကြိုးစားသလို၊ တိုးတက်တယ်ဆိုတာ သိသွားအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ ကလေးကို စာဖတ်လာအောင် ငယ်ငယ်ထဲက ရွှေသွေးလို ရုပ်ပြစာအုပ်တွေ ဝယ်ပေးတယ်။ ကြီးတဲ့အခါမှာလည်း စာစီစာကုံး စာအုပ်တွေ ဝယ်ပေးတယ်။ ဖေ့ဘုတ်ခ် ကြည့်တာတို့၊ ဂိမ်းဆော့တာတို့ ပေးမလုပ်ပါဘူး။ စာပေဗဟုသုတတွေ၊ ပန်းချီ၊ ဂိမ်း ဆိုတော့ အကုန်ပြည့်စုံပါတယ်။ နှစ်တိုင်းနှစ်တိုင်း ဒီလို ပွဲတော်ရှိရင် ကောင်းမယ်လို့ အကြုံပြုချင်ပါ တယ်။ 

 

 

 

 

ဦးတေဇောသာရ ( ရေပေါ် ဓမ္မရိပ်သာကျောင်းတိုက်)

 

ဒီပွဲတော် ရှိမှန်း မနက်ကမှသိလို့ ဗဟုသုတအဖြစ် လာပြီးလေ့လာတာပါ။ ဗဟုသုတရအောင် အများကြီး စီစဉ်ထားတာတွေ့ရတော့ ဝမ်းမြောက်မိပါတယ်။ အားလည်း အားရပါတယ်။ နေရာတိုင်းမှာ နှစ်စဉ် လုပ်ပေးနိုင်ရင်တော့ စာပေဗဟုသုတရော၊ ပညာရေး ဗဟုသုရော ပြည့်စုံမယ်လို့ ထင်ပါတယ်။ နောက်နှစ် ဒီပွဲတွေမျိုး ကျင်းပဦးမယ်ဆိုရင် ကလေးတွေ လိမ္မာယဉ်ကျေးအောင် ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြခန်းလေးတွေလည်း အသိပညာရအောင် ထည့်ပေးစေချင်ပါတယ်။

 

 

 

 

ဒေါ်မြတ်မွန်အေး (လက်ထောက်ကထိက၊ ပုသိမ် ပညာရေးကောလိပ်)

 

ကလေးတွေအတွက်လည်း အများကြီး ဗဟုသုတရပြီး အစဉ်အလာ ကောင်းလေးဖြစ်ဖို့ နောင်နှစ်တွေလည်း ကျင်းပပေးစေချင်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပပေးတဲ့အတွက် ကောင်းပါတယ်။ ကလေးတွေက ကျောင်းစာတွေ ပုံမှန်စာတွေ ဖတ်နေတဲ့ကြားထဲက ဒီလိုပွဲတွေကနေ တစ်မျိုးဗဟုသုတ ရပါတယ်။ ပွဲတော်လာတဲ့သူတွေ များလွန်းတော့ ကြပ်တာတော့ ရှိတယ်။ စည်ကားတော့ အားရစရာလည်း ကောင်းတယ်။ 

 

 

အောင်မင်းဟန် နှင့်အဖွဲ့