ပုသိမ်   အောက်တိုဘာ   ၁၃

အပြည်ပြည်ဆိုင်ရာ   သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘေးအန္တရာယ်များအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့တွင် ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန်  စနစ်ကျသော၊  ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုသည်အဓိကဖြစ်ကြောင်း၊   ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်သည့်အခါ ထိခိုက်ဆုံးရှုံးမှုနည်းအောင် ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်သည့်အပိုင်းသည် အရေးကြီးကြောင်း၊   ကြိုတင်ပြင်ဆင်ခြင်းအပိုင်းတွင်လည်း ကြိုတင် သတိပေးစနစ်နှင့် ကြိုတင်ပြင်ဆင်ခြင်းစနစ်များ ကောင်းမွန်နေရန်လိုအပ်ကြောင်း၊ အချိန်မီသိ၊ အချိန်မီဆောင်ရွက် တုံ့ပြန်နိုင်မှသာ ကျရောက်လာသည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် "Fund resilience, not disasters” “ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာ တိုးမြှင့်ပေး”ဟူသည့် ဆောင်ပုဒ်အတိုင်း    နိုင်ငံတော်အနေဖြင့်  သုံးစွဲသည့် ဘဏ္ဍာငွေများကို တိုးမြှင့်ဆောင်ရွက်ပေးနေသကဲ့သို့ ဌာနဆိုင်ရာများအနေဖြင့် အကျိုးရှိစွာသုံးစွဲဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  ဧည့်သည်တော်များသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က  ပေးပို့သော သဝဏ်လွှာ Video Message နှင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်  ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ဗီဒီယိုများကို ကြည့်ရှုအားပေးပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ  ခင်းကျင်းပြသထားသည့် အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)