ပူပြင်းသောကြောင့် မြွေအပါအဝင် အဆိပ်ရှိ အကောင်များက လူနေအိမ်များအတွင်း ဝင်ရောက်ခိုလှုံမှုများလာ


ရန်ကုန် မေ ၄
ပူပြင်းသောကြောင့် မြွေအပါအဝင် အဆိပ်ရှိ အကောင်များ လူနေအိမ်များရှိ အေးမြသော နေရာများတွင် ဝင်ရောက်ခိုလှုံမှု များလာကြောင်း ရွှေမေတ္တာပရဟိတအသင်း ဥက္ကဌ မရွှေလဲ့က ပြောသည်။
နေ့ဘက်တွင် အပူရှိန်ပြင်းသည့်အတွက် ညပိုင်းတွင် မြေအောက်အပူရှိန် မြင့်တက်ရာ မြွေများ ညပိုင်းတွင် ပိုထွက်လာခြင်း ဖြစ်ကြောင်းသိရသည်။ "အခုက နေ့ခင်းပိုင်းအတော်ကိုပူပြီး ညဘက်ကျနည်းနည်းအေးတယ်လေ။ မြွေကလည်းညဘက်မှ လှုပ်ရှားတတ်တဲ့ကောင်။ မြွေကညဘက်မှာ Active ပိုဖြစ်တယ်။ မြေအောက်အပူရှိန်တွေအထွက်များတော့ တစ်ခုသတိထားရမှာက ဒီအချိန်က သားပေါက်တဲ့ဟာလေးတွေ အတွေ့များတယ်။ မြွေကလည်းသားပေါက်ပြီးတာနဲ့ အချိန်လေးနည်းနည်းလေးခြားပြီးရင် လျှောက်သွားတာ။ အစ်မတို့ မြွေသားပေါက် အုံလိုက်ကျင်းလိုက်ဖြစ်နေတာကို ဖယ်ရှားပေးရတာများတယ်" ဟု ပြည်သူများ ဘေးကင်းစေရန်အတွက် မြွေများကို ပရဟိတပရဟိတအနေဖြင့် ဖမ်းဆီးပေးသည့် မြွေမင်းသမီးဟု ကျော်ကြားသူ မရွှေလဲ့က ဆိုသည်။
မြွေနှင့် အဆိပ်ရှိသော သတ္တဝါများသည် အိမ်များရှိ အေးမြသောနေရာများတွင် ရောက်ရှိနေတတ်သည့်အတွက် သတိပြုရန်လိုကြောင်းလည်း ၎င်းကဆိုသည်။
"ပြီးတော့ ဒီရက်ပိုင်းအတွင်းက ဘာတွေတွေ့ရလဲဆိုတော့ ခြေသုတ်ခုံအောက်တွေ၊ အိမ်သာထဲတွေ၊ အိမ်သာကမုတ်ဘိုထိုင်အခွေကြားတွေ၊ အိမ်သာရေအိုးတွေ အဲဒီထဲမှာဖယ်ရှားပေးခဲ့ရတာနည်းနည်းများ လာတယ်။ လူတွေ သတိမမူမိတဲ့ နေရာတွေပေါ့။ လူတွေအရမ်းအပူများလို့ အဆင်မပြေသလိုမျိုးဘဲ မြွေနဲ့အခြားအဆိပ်ရှိတဲ့အကောင်တွေ သူတို့အေးတဲ့နေရာရှာကြတယ်။ အဲ့ဒါလေးတွေလည်း တစ်ချက်သတိပြုမိစေချင်တယ်။ ပြီးခဲ့တဲ့ရက်က အစ်မသွားဖယ်ပေးရတဲ့အကောင်ဆိုရင် ဖယောင်းပုဆိုးအောက်မှာခွေနေတာ။ မြွေဟောက်ပေါ့ ဒါကြောင့် သတိထားကြစေချင်တယ်။ အဝတ်ပုံပေါ်ကနေအဝတ်ကိုခါပြီးမှ ကိုင်စေချင်တယ်။ သူတို့က အဲ့ထဲမှာလည်းနေတတ်တယ်" ဟု မရွှေလဲ့က ဆိုသည်။
Thit Taw