ပူတာအို စက်တင်ဘာ ၃၀

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဇီးအွန်ကျေးရွာ ခေတ်မီစံပြကျေးရွာ စီမံကိန်း(Smart Village) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မေညွန့်က အမှာစကားပြေားကြားပြီး ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပူတာအိုမြို့နယ် စီမံကိန်းတာဝန်ခံက ဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေးပြီး ကျေးရွာလိုအပ်ချက်များကို ကျေးရွာသူ ကျေးရွာသားများနှင့် ဆွေးနွေးကြသည်။ ဇီးအွန်ကျေးရွာ ခေတ်မီစံပြကျေးရွာ စီမံကိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစ၍ (၅)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာ၏ လိုအပ်ချက်ဖြစ်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားတင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်