ရာဖာမြို့အား မကြာမီတိုက်ခိုက်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောကြား

 

ဂျေရုဆလင်၊ မေ ၅ 

ရာဖာမြို့အား မကြာမီတိုက်ခိုက်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ယမန်နေ့တွင် ပြောကြားခဲ့သည်။ Gallant ၏လူမှုမီဒီယာပလက်ဖောင်း အိပ်စ်အကောင့်တွင် ဂါဇာကမ်းမြောင်ဒေသ ခရီးစဉ်အတွင်း တပ်မှူးများနှင့်အတူလမ်းလျှောက်ရင်း ဦးထုပ်ဆောင်းထားသည့် ၎င်း၏ဓာတ်ပုံကို ပြသခဲ့သည်။ အစ္စရေးဟာ ဟားမတ်စ်တို့နဲ့ သဘောတူညီမှုရရှိဖို့ ဖြစ်နိုင်ခြေနည်းပါးတယ်။ ဒါကြောင့်  မကြာခင်မှာပဲ ရာဖာနဲ့ ဂါဇာကမ်းမြောင်ရဲ့ တခြားနေရာတွေမှာ စစ်ဆင်ရေးတစ်ခု ဆင်နွှဲမည်ဟု ၎င်းက ပြောကြားသည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၁ ဒသမ၂ သန်းခန့် ရာဖာတွင် ခိုလှုံနေကြကြောင်း သိရသည်။ 

အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဂါဇာကမ်းမြောင်ရှိ ဓားစာခံများ လွတ်မြောက်ရေးနှင့်  အပစ်အခတ် ရပ်စဲရေးအတွက် သွယ်ဝိုက်သောနည်းဖြင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ဂါဇာကမ်းမြောင်တွင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေ  ၃၄၆၈၃ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက  ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ၂၉ ဦး သေဆုံးပြီး ၁၁၀ ဒဏ်ရာရခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၃၄၆၈၃ ဦးရှိလာပြီး ၇၈၀၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ