ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်



ကိုနေ(မြန်မာစာ)
“ရန်ကုန်တက္ကသိုလ်    ကံ့ကော်မြိုင်အငြိမ့်    အနုပညာ အင်အားများနဲ့ x x x ဖျော်ဖြေကန်တော့ပန်းဆင်အလင်္ကာ တေးတစ်ပုဒ်  ရွေးထုတ်ကာစီစဉ်  x x x  ထောင့်ကိုးရာ နှစ်ဆယ်မှာ စတင်ပေါ်ခဲ့ပြီ x x x အလိမ္မာ စာမှာအရှိမို့ ပြောပါရစေ အတည်  x x x  သမိုင်းကြောင်းအထောက် အထား အမြောက်အမြားရှိခဲ့ပြီ x x x ထူးချွန်ထက်မြက် လှတဲ့ နိုင်ငံ့သားကောင်း များစွာပေါ်ခဲ့ပြီ x x x”
“နှစ်ထောင့်နှစ်ဆယ်မှာ      နှစ်တစ်ရာပြည့်ခဲ့ပြီ ရန်ကုန်တက္ကသိုလ်သည်… အဓိပတိလမ်းနဲ့  အင်းလျား ကန်ကြီးသည်  သစ်ပုပ်ပင်နဲ့   ပဏာတင့်လေသည်… နှစ်ထောင့်နှစ်ဆယ် နှစ်ပေါင်း (၁၀၀) ပြည့်ခဲ့လေပြီ… မြန်မာတစ်နိုင်ငံလုံး   အကြီးဆုံးတက္ကသိုလ်ကြီး   လှပ ခံ့ညား ဝင့်ကြွားခဲ့လေပြီ x x x”
 “ဗိုလ်တေဇ ခေါ်  ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဂန္ထဝင် သူရဲကောင်းတွေ ထွက်ပေါ်ခဲ့သည်
 ကံ့ကော်မြိုင်အငြိမ့်အဖွဲ့ကြီးနဲ့ ရှင်းရှင်းသန့် ကျွန်မ နာမည် 
 ကျောင်းသား    ကျောင်းသူများနဲ့  တက္ကသိုလ် ရာပြည့်ပွဲမှာ အတည်
 မိုးထိညံအောင်လံဝင့်လို့    ကံ့ကော်မြိုင်အငြိမ့် စေတနာတူတူညီ”
သီချင်းလေးသည်ကား ၂၀၂၀  ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်   နှစ်ပေါင်း  (၁၀၀)  ပြည့်မြောက်မည့် ရန်ကုန်တက္ကသိုလ်၏ ရာပြည့်သဘင်တက္ကသိုလ်အငြိမ့် အဖွဲ့များ ဂုဏ်ပြုဖျော်ဖြေပွဲတွင် တင်ဆက်ကပြ ဖျော်ဖြေ မည့်       ရန်ကုန်တက္ကသိုလ်     အနုပညာအသင်းကြီး၏  ကံ့ကော်မြိုင်အငြိမ့်အဖွဲ့        ခေါင်းဆောင်မင်းသမီး ရှင်းရှင်းသန့်ကပြခဲ့သည့်  ကံ့ကော်မြိုင်ရဲ့စေတနာ သီချင်း ပင် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်  ပါမောက္ခချုပ်   ဒေါက်တာ ဖိုးကောင်းဦးဆောင်၍ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ  နီလာအောင်နှင့်   ဒုတိယပါမောက္ခချုပ်   ဒေါက်တာ သောင်းထိုက်တို့    စီစဉ်ခဲ့ခြင်းဖြစ်သည်။    ရန်ကုန် တက္ကသိုလ် အနုပညာအသင်းဥက္က ကွန်ပျူတာသိပ္ပံဌာန ပါမောက္ခ/ဌာနမှူး  ဒေါက်တာစိုးမြမြအေး   ကြီးကြပ်၍ ရွာစား ထက်အာကာက ဖန်တီးရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုကံ့ကော်မြိုင်အငြိမ့်တွင် ပါဝင်ကပြခဲ့သော ရှေ့ထွက် မင်းသမီး မွန်သီရိသော်၊ ခေါင်းဆောင်မင်းသမီး ရှင်းရှင်း သန့်နှင့်   လူရင်တော်အဖွဲ့ခေါင်းဆောင်  ဗန်ဗန်တို့ကို မေးမြန်းထားသည်များကို     ရာပြည့်ကံ့ကော်မြိုင်နှင့် တွေ့ဆုံခြင်းအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။ 
ရှေ့ထွက်မင်းသမီး  မွန်သီရိသော်က  သူ့ရဲ့ကြိုးစား ခဲ့ပုံကို- “ရာပြည့်သဘင်အတွက်  စီစဉ်တဲ့  ကံ့ကော်မြိုင် အငြိမ့်မှာ ပါဝင်ဖို့အတွက် ရန်ကုန်တက္ကသိုလ်ရဲ့လူရွေးပွဲမှာ အရင်ပါဝင်ခဲ့ရပါတယ်။ ရှေ့ထွက်မင်းသမီးအဖြစ် ပါဝင် ကပြဖို့ ရွေးချယ်ခံရပြီးနောက်  အက၊  အဆို၊   အပြောတွေ အတွက် ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်။  ရာပြည့်သဘင် အတွက်   အက အလှ   အပြောအဆိုကို  မန္တလေးအငြိမ့် မင်းသမီးကြီးတစ်လက်ဖြစ်ခဲ့တဲ့ ရွှေမန်းဒေါ်ကျော့ကျော့မူ ထံမှာ သင်ယူခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။ 
အငြိမ့်မှာ  ရွေးချယ်ကပြလေ့ကျင့်မနှင့်ပတ်သက်၍ ယခုလိုပြောပြခဲ့သည်။ 
“အငြိမ့်ရှေ့ထွက်မင်းသမီးအနေနဲ့   သီချင်းသုံးပုဒ် သီဆိုကပြခွင့်ရတဲ့အတွက်    ပထမအပုဒ်ကို   ရန်ကုန် တက္ကသိုလ်ကျောင်းသူ ကံ့ကော်မြိုင် အငြိမ့်မင်းသမီးကြီးတွေ အစဉ်အဆက်ကပြခဲ့ကြပြီး ဂီတစာဆို မောင်ကြေးမုံ ရေးစပ်  သီကုံးပေးထားတဲ့     ကံ့ကော်မြိုင်အဖွင့်ပဏာမတေးကို ရွေးချယ်ခဲ့ပါတယ်။ 
     ဒုတိယအပုဒ်ကတော့    ဘူမိဗေဒ အငြိမ်းစားပါမောက္ခဆရာကြီး ဒေါက်တာဌေးဝင်း ရေးစပ် သီကုံးပေးသော  ရာပြည့်သဘင်လို့  အမည်ရတဲ့သီချင်းနဲ့  ရန်ကုန်တက္ကသိုလ်    နှစ် (၁၀၀) ပြည့်ကို   ကြိုဆိုကပြခဲ့ ပါတယ်။ နောက်ဆုံး    တတိယအပုဒ်ကိုတော့   တက္ကသိုလ် ကျောင်းသူလည်းဖြစ်၊  ဝါသနာရှင်  သဘင်သည်လည်း ဖြစ်တဲ့  မွန်အနေနဲ့   လူရွှင်တော်မျက်မှန်လို့  အမည်တွင် ခဲ့တဲ့ ဆရာဦးတင်မောင်ဌေးနဲ့ ဆရာကြီး ဒေါက်တာ ဌေးဝင်းတို့  ပူးပေါင်းရေးစပ်ခဲ့ကြတဲ့  ရွက်လှပန်းသဘင် သည်ဆိုတဲ့ သီချင်းလေးကို ဆရာ ဆရာမ တို့ရဲ့ ရွေးချယ် ပေးမှုနဲ့ ကပြခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။
ကံ့ကော်မြိုင်အငြိမ့်အပေါ်ထားတဲ့  သူ့ရဲ့မျှော်မှန်း ချက်ကိုလည်း  “ရှေ့ထွက်မင်းသမီး   တစ်လက်အနေနဲ့ ကပြခဲ့ရပေမယ့် အငြိမ့်သဘင်မိသားစုဘဝကို ခံစားခဲ့ရ ပါတယ်။ အလုပ်တစ်ခုမှာ ကိုယ်တစ်ယောက် ကောင်းရုံနဲ့ မရတဲ့သင်ခန်းစာတွေကို ရရှိခဲ့ရပါတယ်။ ကံ့ကော်မြိုင်ကို  ခေတ်အဆက်ဆက်  လက်ဆင့်ကမ်းခဲ့ကြပြီး   မွန်တို့ အလှည့်မှာ တာဝန်ကျေကျေလုပ်ဆောင်ခွင့်ရခဲ့ပါတယ်။  နောင်အနာဂတ်တွေမှာလည်း ထူးချွန်ပြောင်မြောက်တဲ့  ကံ့ကော်မြိုင်  မျိုးဆက်သစ်လေးတွေ  များစွာစောင့်မျှော် ကြိုဆိုနေပါ့မယ်” ဟု ပြောကြားခဲ့သည်။
ခေါင်းဆောင်မင်းသမီး ရှင်းရှင်းသန့်က  ရန်ကုန် တက္ကသိုလ်  ရာပြည့်ကံ့ကော်မြိုင်အငြိမ့်    ကပြခွင့်ရဖို့ အတွက် ကြိုးစားခဲ့ရပုံနှင့်ပတ်သက်၍-
“ပထမရာပြည့်အထိမ်းအမှတ်    အငြိမ့်ပြိုင်ပွဲ လုပ်မယ်ဆိုပြီး ကျောင်းကိုအကြောင်းကြားစာ ရောက်လာ ပါတယ်။  အဲဒီမှာ   တက္ကသိုလ်ကိုယ်စားပြုအဖွဲ့ထွက်ဖို့ ပြိုင်ပွဲလုပ်ပါတယ်။ အဲဒီပြိုင်ပွဲကို ဝင်ပြိုင်ရင်းနဲ့  ပထမ ရသွားတာပါ။ အကအနေနဲ့ကတော့ သမီးက လေးနှစ်သမီး  အရွယ်ကတည်းက ကခဲ့တာပါ။  လက်ဦးဆရာကတော့ တစ်ခိုင်လုံးရွှေ ဒေါ်အေးအေးမြင့်ပါ။  နောက်တော့  အက ဆရာမဒေါ်စမ်းရီ၊  ဒေါ်အေးအေးချို၊  လူရွှင်တော်ဗေဒါရဲ့  အမျိုးသမီး၊  အနုပညာအသင်းမှာဆိုရင်  မိုးနတ်သူဇာ ဒေါ်သီတာဝင်း၊ ဆရာမဒေါ်မူမူခင်၊ ဆရာမဒေါ်ခင်နှင်းနှင်း ကြည်တို့က သင်ပေးပါတယ်။ ဆိုကရေးတီးပြိုင်ပွဲတွေ မှာလည်း ဝင်ပြိုင်ခဲ့ပြီး ဆုတွေလည်းရခဲ့ပါတယ်။  အခု ဒီပွဲအတွက် သင်ကြားပေးတဲ့ ဆရာမကတော့ အမျိုးသား ယဉ်ကျေးမှုနှင့်   အနုပညာတက္ကသိုလ်က ကထိကဆရာမ ဒေါ်ခိုင်သဇင်သင်းပါ။    
ဒီပွဲက   ကိုဗစ်ကာလအတွင်းမှာလည်း   ဖြစ်သွားတာ ဆိုတော့ အကသင်ကြားရေးကို Online ကနေ virtual စနစ်နဲ့ ဆရာမခိုင်သဇင်သင်းက သင်ကြားပေးပါတယ်”။
ကကြိုးကကွက်များနှင့်     သီချင်းရွေးချယ်မှု၊ လေ့ကျင့်မှုတို့နှင့်ပတ်သက်၍-
“ဒီပွဲမှာတော့ ရွာစား ဦးအောင်ဝမ်းတူး ရေးပေးတဲ့ ကံ့ကော်မြိုင်ရဲ့စေတနာ (အဖွင့်သီချင်း)နဲ့ ကံ့ကော်မြိုင် အသိမ်းသီချင်းရယ်၊   ပြီးတော့   ဝါးလပ်သီချင်းအနေနဲ့ ရန်ကုန်တက္ကသိုလ် အနုပညာအသင်းက ရွာစားဆရာကြီး ဒေါက်တာဌေးဝင်းရေးပေးတဲ့          လက်ကမ်းကြိုဆို ဒို့တက္ကသိုလ်    သီချင်း သုံးပုဒ်   တင်ဆက်ထားပါတယ်။ Online ကနေ Virtual စနစ်အနေနဲ့သင်ကြားရတဲ့ အတွေ့ အကြုံအသစ်တစ်ခု     ရရှိခဲ့ပါတယ်။   ဆရာကြီးတွေ ရေးပေးတဲ့ သီချင်းအသစ်တွေအကုန်လုံးရဲ့ စာသားတွေ အပေါ် ခံစားသက်ဝင်ပြီး အကောင်းဆုံး  ကပြခဲ့ပါတယ်။ ရွာစား ကိုထက်အာကာကလည်း သမီးအက  ပေါ်လွင် အောင် အတီးပိုဒ်တွေမှာ ဒိုးဆစ်တီးကွက်တွေ လက်စွမ်းပြ တီးခတ်ပေးထားပါတယ်။  အဲဒီ  ဒိုးဆစ်အပေါ် ဆရာမ ခိုင်သဇင်သင်းကလည်း သမီးနဲ့လိုက်ဖက်မယ့်  ကကွက် တွေ    ဖန်တီးပေးခဲ့ပါတယ်။      ဆရာမရဲ့သင်ကြားမှု အောက်မှာ အကောင်းဆုံး ကပြတင်ဆက်ထားပါတယ်”။
ပြက်လုံးများကို  ခေါင်းဆောင်မင်းသမီးအနေဖြင့် လူရွှင်တော်များနှင့်    ပူးပေါင်းဆောင်ရွက်မှုကိုလည်း ယခုလိုပြောပြသည်။
“အရင်ပွဲတွေတုန်းကဆိုရင်တော့    လူရွှင်တော် မိတ်ဆက်တို့ ဘာတို့ကို အရွှင်အနေနဲ့  ကပြတင်ဆက်ခဲ့ပါ တယ်။ အခု ဒီတစ်ခေါက်ပွဲမှာတော့  လူရွှင်တော်မိတ်ဆက် ကို အတည်အခန့်အနေနဲ့ လုပ်ထားပါတယ်။ ခေါင်းဆောင် မင်းသမီးနဲ့ အခန့်မိတ်ဆက်ကို လူရွှင်တော် ဦးချစ်ချော ရေးသားပေးထားတာပါ။ အဲဒါလေးကတော့ ဒီလိုပါ-
ခေါင်းဆောင်မင်းသမီး။ ။ အစ်ကိုတို့ရေ…  တက္က သီလာ မြကျွန်းသာရဲ့          စဉ်လာ ကြီးမား  ခံ့ညားထည်ဝါ၊  နှစ်တစ်ရာပြည့်တဲ့ပွဲကြီးမှာ ပဏ္ဏာတင်သ  ဂါရဝနဲ့   ကပြဖျော်ဖြေခွင့်ရတဲ့အတွက် နှစ်သက်ကြည်ရွှင် ကျေးဇူးတင်လို့ မဆုံးပါဘူးရှင်။
လူရင်တော်။ ။ လိမ္မာလိုက်တာ     ညီမလေး ရေ...      ရန်ကုန်တက္ကသိုလ် ဆိုတဲ့   ပညာရိပ်မြုံမှာ   ခိုလှုံဝင်နား   သင်ကြားခွင့်ရခဲ့ ရုံသာမက  ကြုံတောင့်ကြုံခဲ  ရာပြည့်ပွဲနဲ့   ဆင်နွှဲပိုင်ပိုင်   တိုက်ဆိုင်ခဲ့တာဟာလည်း ထူးကဲတဲ့ ကံကြမ္မာပါပဲခင်ဗျာ။
ခေါင်းဆောင်မင်းသမီး။ ။ ဟုတ်ကဲ့ပါရှင်...   ၁၉၂၀ ပြည့်နှစ်မှာ   ရန်ကုန်ယူနီဗာ စီတီကောလိပ်နဲ့ ဂျပ်ဆင်ခေါ်  ယုဒသန်ကောလိပ်ကြီး နှစ်ခုကိုပေါင်းပြီး   ရန်ကုန်တက္ကသိုလ်ဆိုတဲ့အမည်နဲ့ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ  တရားဝင် ဖွင့်လှစ်ခဲ့တာဟာ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ   နှစ်တစ်ရာတိတိ ပြည့်ခဲ့ပါပြီရှင်။
လူရင်တော်။  ။ စာတတ်ပေတတ်    ပညာတတ် ကလေးဆိုတော့ သမိုင်းအချက် အလက်တွေနဲ့  ဒေါက်ခနဲ   ဒေါက်ခနဲ  ပြောနိုင်ပါပေရဲ့ဗျာ။ ဟုတ်ပါတယ်ခင်ဗျာ။   ရန်ကုန်တက္ကသိုလ်ရဲ့ပုံရိပ်သည် မြန်မာ့လွတ်လပ်ရေး   သမိုင်းနဲ့အတူ    တစ်ထပ်တည်း ရှိခဲ့ပါတယ်။  စိန်ပန်းနီနီ၊  သွေးနီနီမှာ၊  တူညီဟစ်ကြွေး၊  တော်လှန်ရေးရဲ့ ပုံရိပ်တွေဟာလည်း    ရန်ကုန်တက္ကသိုလ်ကြီး မှာ ထင်ဟပ်နေဆဲပါခင်ဗျာ။
ခေါင်းဆောင်မင်းသမီး။ ။ မှန်ပါတယ်ရှင်... ဒါတင်မက သေးပါဘူး၊ ရန်ကုန်တက္ကသိုလ် မှ  မွေးဖွားထွန်းပြောင်   နိုင်ငံ့ရှေ့ဆောင်များစွာလည်း ပေါ်ထွန်းခဲ့ပါပြီ။  
တိုင်းပြည်အရေး၊  လုပ်အားပေးမယ့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာကိုလည်း  သေချာ အဟုတ် မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးပါပဲရှင်။
လူရင်တော်။  ။ ဟုတ်လိုက်လေဗျာ။    ရန်ကုန် တက္ကသိုလ်ဆိုတာ        ပညာ နယ်မြေ ပါ။   နိုင်ငံတကာက    ပညာတတ်ခေါင်းဆောင်ကြီးများ ဟာလည်း ဒီတက္ကသိုလ်ကြီးထဲမှာ ကြွရောက်ပြီး ကောင်းချီး မင်္ဂလာခံခဲ့ကြပါတယ်။  စင်ကာပူသမ္မတကြီး   လီကွမ်ယု၊ ဂျာမနီသမ္မတကြီး၊ မွန်ဂိုလီးယားသမ္မတကြီးနဲ့  အမေရိကန် သမ္မတကြီး ဘာရက်အိုဘားမားတို့ဟာ ရန်ကုန်တက္ကသိုလ် ခန်းမကြီးတွေမှာ ကြွရောက်ဂုဏ်ပြုအားပေးမတွေလည်း ရှိခဲ့ပါတယ်။
ခေါင်းဆောင်မင်းသမီး။  ။ ဒါတင်ဘယ်ကဦးမလဲရှင်. . .   ရန်ကုန်တက္ကသိုလ်ကြီး        နဲ့  ပတ်သက်တဲ့   ရင်ခုန်သံတွေလည်း   အများကြီး ရှိခဲ့ဖူး ပါတယ်...။   ကဗျာလင်္ကာ၊  စာပေဂီတ၊   ပြဇာတ်ရုပ်ရှင်  အသွင်မြောက်မြား၊   ဆောင်းပါးဝတ္ထုအစုစုနဲ့   ရတုဖော်ညန်း   မော်ကွန်းသမိုင်း  ပုံနှိုင်းဖွယ်ရာအဖြာဖြာတို့လည်း    ရန်ကုန်    တက္ကသိုလ်မှာ ထင်ရှားစွာရှိခဲ့ကြပါတယ်ရှင်။
လူရင်တော်။ ။ ဒါပေါ့ ညီမလေးရေ...၊ ကံ့ကော် ပင်တန်း   ဒီစခန်းမှာ   အလွမ်း နိမိတ် ပန်းအရိပ် နဲ့၊ လွမ်းစိတ်ဝန်းရံ ရင်ခုန်သံတွေလည်း ညံလျက်ရှိနေဆဲပါ။ ထူးချွန်ထွန်းပြောင်  ကလောင်စွမ်းအား   လွန်ကြီးမားတဲ့ စာပေပညာရှင်ကြီးများ  မြောက်မြားစွာ    ပေါ်ထွက်ခဲ့ကြတာလည်း  ဒီတက္ကသိုလ်ကြီးပါပဲ။
တွံတေးသိန်းတန်ရဲ့ “ချစ်ရက်ရှည်ရှည် အင်းလျားမြေ” ဆိုတဲ့   သီချင်းတွေ၊   “မြကျွန်းညိုညို တက္ကသိုလ်”  တို့၊   အမေ ဒေါ်ချိုပြုံးရဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” တို့၊   ဆရာ ကိုသန်းလှိုင်ရဲ့ “ကံ့ကော်မြိုင်နန်း”၊ ဆရာ ဦးမင်းနောင် ရဲ့  “တက္ကသိုလ်ကျောင်းသူတစ်ဦး” ဆရာ ကိုမြသိန်းရဲ့ “မြသီလာသို့ အလွမ်းပြေ” အစရှိတဲ့ မြန်မာသံသီချင်းတွေ၊  စတီရီယို သီချင်းပေါင်းများစွာဟာ ပြည်သူ့ရင်ကို ဖမ်းစား  လှုပ်ခတ် အလွမ်းဇာတ်တွေ ဝေနေဆဲပါ။
ခေါင်းဆောင်မင်းသမီး။  ။ ဟုတ်ကဲ့ပါရှင်...အဲဒီလို အလွမ်း အဆွေး        တော်လှန်ရေးနဲ့  တိုင်းရေးပြည်မအစုစုတို့   ပေါင်းစုဝန်းခို  အမိရန်ကုန် တက္ကသိုလ်ကြီး ....  နှစ်တစ်ရာပြည့်သော်လည်း   အမိ တက္ကသိုလ်ကြီး မအိုသေးပါဘူး။ ငယ်သွေးမာန်ကြွ   သူ့အလှ နှင့်   တက်ကြွထုဆစ် မျိုးဆက်သစ်တွေ မွေးထုတ်ပေးနေဆဲ အမိတက္ကသိုလ်ကြီးကို   သမီးက  ဦးချပန်ထွာ  ဝန္ဒနာနဲ့ ဆယ်ဖြာစုံမိုး  ရိုကျိုးစွာ ကန်တော့ပန်းဆင်လိုက်ချင်တာ ကတော့...
လူရွှင်တော်နဲ့ အပေးအယူမျှမျှ ပူးပေါင်းဆောင်ရွက် မှုကို စကားပုံဖော်ပြောပြခဲ့သည်။
ကံ့ကော်မြိုင်အငြိမ့်အပေါ် မင်းသမီး၏ မျှော်မှန်းချက် နှင့် ပတ်သက်၍-
“ကံ့ကော်မြိုင်အငြိမ့်အပေါ် မျှော်မှန်းချက်ဆိုရင်တော့ မိုးနတ်သူဇာအငြိမ့်လိုမျိုး တက္ကသိုလ်က မွေးထုတ်ပေး လိုက်တဲ့ ပြည်သူချစ်တဲ့ အငြိမ့်အဖွဲ့တစ်ဖွဲ့ ဖြစ်ချင်ပါတယ်”   ဟု ဖြေကြားပါသည်။
ယင်းနောက် လူရွှင်တော်  ဗန်ဗန်ကလည်း အခုလို မေးသမျှကို ဖြေကြားပေးခဲ့ပါသည်။
ကံ့ကော်မြိုင်အငြိမ့်အဖွဲ့၏         ခေါင်းဆောင် လူရွှင်တော်အနေဖြင့် ကြိုးစားခဲ့ရမှုနှင့်ပတ်သက်၍-
“ကျွန်တော်တို့က ရန်ကုန်တက္ကသိုလ်မှာ ကောလိပ် ချဉ်ဆိုတဲ့အမည်နဲ့   အနုပညာအင်အားစုလေးတစ်ခု ကျွန်တော်တည်ထောင်ထားပါတယ်။ 
  အဓိကကတော့  အငြိမ့်သဘင်တွေကို   တက္ကသိုလ်ပွဲတွေမှာ   ဖျော်ဖြေ တင်ဆက်နိုင်ဖို့အတွက်ပါ။ ကိုယ်တိုင်ကလည်း ဝါသနာ ပါပါတယ်။    ကျွန်တော်တို့က    တက္ကသိုလ်ပွဲတွေမှာ ကပြီးသား  အငြိမ့်သဘင်သမားစဉ်နဲ့   ထိတွေ့ပြီးသား ဆိုပေမယ့် ရာပြည့်ကံ့ကော်မြိုင်ဆိုတဲ့ အငြိမ့်ကို ကပြ ဖျော်ဖြေ တင်ဆက်နိုင်ဖို့ တာဝန်ပေးအပ်ခြင်း  ခံရတဲ့ အချိန်မှာတော့ ကျွန်တော်တို့အနေနဲ့  လုံးဝအကုန်လုံး အစကနေပြန်စပြီး လေ့လာသင်ကြား လေ့ကျင့်ခဲ့ပါတယ်။ လေ၊ သန္ဓေ၊ မျက်နှာ၊ ရှူခံ အစရှိသဖြင့်ပေါ့။  ဘာလို့လဲ ဆိုတော့ ဒါဟာနှစ် ၁၀၀ မှ တစ်ခါကြုံရတဲ့  ဖျော်ဖြေ တင်ဆက်ခွင့်ရတဲ့ ပွဲလည်းဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်  ကျောင်းသားဟောင်းတွေသာမကပါဘူး မြန်မာတစ်နိုင်ငံ လုံးမှာရှိကြတဲ့ မိဘပြည်သူ ညီအစ်ကိုမောင်နှမတွေပါ ကြည့်ရှုခံစားကြမှာဖြစ်တဲ့အတွက်     ကျွန်တော်တို့ တက္ကသိုလ်ပွဲတွေမှာ  ကခဲ့တဲ့ပွဲတွေထက်  ကျွန်တော်တို့ အဆပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။  တစ်ဦးတည်း တစ်ယောက်တည်း ကြိုးစားပြီး ကောင်းနေလို့မရပါဘူး။ အဖွဲ့လိုက်စုစုစည်းစည်းနဲ့ညီအောင် ဇာတ်တိုက်လေ့ကျင့်  ကြိုးစားခဲ့ကြပါတယ်။ အစဉ်အလာရှိခဲ့တဲ့  ကံ့ကော်မြိုင် အငြိမ့်ကို နောင်တော်မျိုးဆက်တွေက  လက်ဆင့်ကမ်း  ထိန်းသိမ်းခဲ့သလို   ကျွန်တော်တို့     မျိုးဆက်သစ် ကံ့ကော်မြိုင် စတုတ္ထမျိုးဆက်အနေနဲ့ ရာပြည့်သဘင်မှာ  ဂုဏ်ပြုတင်ဆက်ရင်း တာဝန်ကျေချင်တဲ့အတွက် ရှိသမျှ အစွမ်းကုန်သုံး     ဝီရိယစိုက်ပြီး     လေ့ကျင့်ပြင်ဆင်ခဲ့ ပါတယ်။ 
အဓိကကတော့ တက္ကသိုလ်ပွဲပေါ့။  တက္ကသိုလ်ပွဲ ဖြစ်တဲ့အတွက်  တက္ကသိုလ်နဲ့သက်ဆိုင်တဲ့   ပြက်လုံး တွေကို  အတတ်နိုင်ဆုံးကြိုးစားပြီး  ရွေးထုတ်စဉ်းစား ခဲ့ပါတယ်။ ပြက်လုံးစီစဉ်ခဲ့တဲ့ နေရာမှာလည်း ကျွန်တော့်  ရဲ့ လက်ဦး ဆရာကံ့ကော်မြိုင်လူရွှင်တော်ကြီး  ဆရာ ဦးလန်ဘား၊  လူရွှင်တော်   ဦးချစ်ချော၊  လူရွှင်တော် ကိုပြည်ချစ်တို့ရဲ့  အနီးကပ်သင်ကြားပေးမှုတွေနဲ့ စီစဉ် ခဲ့ပါတယ်။  ပြက်လုံး   အဆင့်အတန်းဆိုတာကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အောက်လုံးနဲ့ နိုင်ငံရေး နွှယ်တဲ့ ပြက်လုံးတွေကို လုံးဝရှောင်ခဲ့ပါတယ်။” 
ကံ့ကော်မြိုင်အငြိမ့်အပေါ်    မျှော်မှန်းချက်နှင့် ပတ်သက်၍-
“ရန်ကုန်တက္ကသိုလ်ရဲ့  ရာပြည့်ပွဲဖြစ်တာနဲ့အညီ မြန်မာတစ်နိုင်ငံလုံးသာမက     တစ်ကမ္ဘာလုံးမှာရှိတဲ့ ရန်ကုန်တက္ကသိုလ်  ကျောင်းသား  ကျောင်းသူဟောင်း တွေရော၊ အငြိမ့်သဘင်ကို ချစ်မြတ်နိုးသူ  မိဘပြည်သူ  ပရိသတ်တွေရောပါ အားပေးကြမယ်လို့  မျှော်လင့်မိပါ တယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ ပညာရှင် မဟုတ်ဘဲ ပညာသင်လူရွှင်တော်တွေ ဖြစ်တဲ့အတွက် လိုအပ်ချက်  အမှားအယွင်းဆိုတာ  အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ဒါကြောင့် အပြစ်တော်မမြင်ဘဲ အချစ်တော် ဝင်ကာ အားပေးကြဖို့ မေတ္တာရပ်ခံပါတယ်။  အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဖြေကြားပေးခဲ့ပါသည်။    ။
ကြေးမုံ