ရာပြည့်တွန်းအား တိုင်းပြည်နိုင်ငံခံ့ညား

လွန်ခဲ့သော နှစ်တစ်ရာပြည့် ဝန်းကျင်ကာလက နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာကောင်းသည့် အမျိုးသား လှုပ်ရှားမှုများသည် မြန်မာနိုင်ငံတွင် ကမ္ပည်းမော်ကွန်းတင် ထင်ရှားပြောင်မြောက်သည့် သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့သည်။ သမိုင်းမော်ကွန်းရေးထိုးခဲ့သည့် ဂုဏ်ယူဖွယ်အမှတ်တရများအတွက် နှစ်(၁၀၀)ပြည့် အခမ်းအနားများ ကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။

 

မြန်မာနိုင်ငံ၏သမိုင်းမှတ်တိုင်များအရ ၂၀၂၀ ပြည့်နှစ်သည် အမျိုးသားရေးသမိုင်းကြောင်းဆိုင်ရာ ရာပြည့်ကာလ များသို့ ကျရောက်ခဲ့သည်ဖြစ်၍ ဂုဏ်ယူဖွယ်ရာ နှစ်တစ်နှစ်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် သန္ဓေတည်မွေးဖွားသော မြန်မာ့ရုပ်ရှင်၊ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားအောင်ပွဲနေ့နှင့် မြို့မအမျိုးသားကျောင်းတို့သည် ယခုနှစ်တွင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခါသမယများ ဖြစ်လာခဲ့သည်။ အခြားမော်ကွန်းမတင်နိုင်ခဲ့သော ရာပြည့်နေ့များ လည်း ရှိကောင်းရှိမည်။ မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ အမျိုးသားရေး နိုးကြားထက်သန်လာခဲ့သည့် အဆိုပါ ရာပြည့်အမျိုးသားသမိုင်းမှတ်တိုင်များသည် ထူးခြားသော အနှစ်သာရများပြည့်ဝသည့် တွန်းအားများဖြစ်သည်။

 

မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခိုင်အမာဖော်ကျူးပြသနိုင်ခဲ့သည့် ထိုတွန်းအားများ၏ အဓိကဦးတည်ရာကို ရည်ညွှန်း ဆိုရပါမူ မြန်မာ့အမျိုးသားပညာရေးနှင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ပန်းတိုင်ကြီးပင်ဖြစ်သည်။ မြန်မာ့သမိုင်းမှ အမျိုးသားရေး ရာပြည့်လှုပ်ရှားမှုများ၊ အမျိုးသားအောင်ပွဲနေ့ ရာပြည့်ပွဲများသည် မြန်မာ့လွတ်လပ်ရေးတည်းဟူသော ပင်မပင်စည်ကြီး ထာဝရမြဲမြံခိုင်ကျည်နေစေရေးအတွက် အားအင်များ မွေးဖွားပေးသည့် အခက်အလက်များသဖွယ် ဖြစ်သည်။

 

ထိုကဲ့သို့ သမိုင်းဝင်ရာပြည့်နေ့များနှင့် ယင်းရာပြည့်နေ့များမှဆင်းသက် ပေါက်ဖွားလာသော အမျိုးသားအားမာန်များ သည် မြန်မာတစ်နိုင်ငံလုံး၊ မြန်မာတစ်မျိုးသားလုံးအတွက် လွတ်လပ်ရေးတည်းဟူသော အောင်ပန်းကို တက်လှမ်း ဆွတ်ချူယူနိုင်ခဲ့သည်။ မြန်မာ့သမိုင်းမှ အမျိုးသားရေးလှုပ်ရှားမှု များသည် တိုင်းပြည်၏အင်အားများပင် ဖြစ်သည်။ ရာပြည့်အမျိုးသားရေး လှုပ်ရှားမှုများသည် လွတ်လပ်သောမြန်မာနိုင်ငံတော်အတွက် အခြေခံ အင်အားများဖြစ်၍ ရရှိပြီးသော လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် ကမ္ဘာ့အလယ်တွင်ဝင့်ထည်သည့် ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံဖြစ်ရေးအတွက် အင်အားများ ဆက်လက်မွေးမြူကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းတစ်ပါး ၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ရာ မကြာမီတွင် (၇၃) နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကြိုးပမ်းမှုဖြင့် အမျိုးသားရေးသမိုင်းအစဉ်အလာရှိသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏လက်တွဲပါဝင် စည်းလုံးညီညွတ်မှုကြောင့်ရရှိထားသော လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားရေးကို အခြေခံ သည့် ညီညွတ်မှုအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

အမျိုးသားရေးစိတ်ဓာတ်များဖြင့် နိုင်ငံကိုတည်ဆောက်ရာ၌ ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသော -

 

(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊

 

(၂) လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေရေးရာ ညီမျှမှုတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ ရရှိခံစားရေး၊

 

(၃) စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊

 

(၄) ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေးအတွက်ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်

 

(၅) နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်၍ ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို အစိုးရ၊ ပြည်သူလူထုအားလုံးပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားရေးဟူသော အမျိုးသားရေးဦးတည်ချက် (၅)ရပ်ကို သမိုင်းဝင်ရာပြည့်နေ့ကြီးများမှ ပေါ်ပေါက်လာသည့် အမျိုးသားရေး အားမာန်များဖြင့် ခံ့ညားဂုဏ်ယူဖွယ်နိုင်ငံဖြစ်လာအောင် ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း။    ။

ကြေးမုံ