ကော့ကရိတ် ၂၅ မတ်
ရော်ဘာခြံ ပြုပြင်ထိန်းသိမ်းခြင်း၊ အစေးခြစ်ခြင်းနှင့် အဆင့်မြင့်ရော်ဘာပြား ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် နောင်နိုင်းကျေးရွာရှိ တောင်သူ ဦးအတာ၏ ရော်ဘာခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါ်ကေသီနွယ်မှ အဆင့်မြင့်ရော်ဘာပြား ထုတ်လုပ်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးပွားလာနိုင်မှု အခြေအနေနှင့် တစ်ပိုင်တစ်နိုင် ရော်ဘာပြား ထုတ်လုပ် ရောင်းချရာတွင် ဝင်ငွေရရှိမှု အခြေအနေများကို နှိုင်းယှဉ်၍ ဝင်ငွေပိုမို ရရှိသည့် နည်းလမ်းများ အသုံးပြုလာနိုင်စေရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ကော့ကရိတ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နော်သူးလေထီးမှ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချခဲ့သော ပညာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် ပိုမိုကျယ်ပြန့်စွာ အသုံးချလာနိုင်စေရေးအတွက် စိတ်ပါဝင်စားစွာ သင်ကြားစေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာများနှင့် ရန်ကုတ်ကျေးရွာ၊ နောင်နိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ စိတ်ပါဝင်စားသည့် သင်တန်းသား သင်တန်းသူ (၅၀)ဦးတို့အား (၅)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးထက်အောင်(ပြန်/ဆက်)


