ရောပကို အခိုင်အမာဦးဆောင်နိုင်မယ့် ခေါင်းဆောင်ဟာ ဘယ်သူဖြစ်လာမလဲ

ခြူးစန္ဒီနွေး

ဥရောပသမဂ္ဂအဖွဲ့ကြီးဟာ ယခုနှစ်အတွင်း အဖွဲ့ကြီးအတွင်းမှာ အရာအားလုံးကိုအစီအစဉ်တကျဖြစ်စေဖို့ လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ခဲ့ပါတယ်။

ခေါင်းဆောင်ကင်းမဲ့နေ 

ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ကြီးကနေ တရားဝင်နုတ်ထွက်ဖို့အတွက် အပြီးသတ် အတည်ပြုချက် တွေပြုလုပ်ဖို့ ကြိုးစားနေပါတယ်။ ဥရောပတိုက်ကြီးကို ပြန်လည်နိုးကြားလာစေမယ်ဆိုတဲ့ ရည်ရွယ်ချက် ကြီးကြီးထားတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာလည်း ဥရောပသမဂ္ဂအဖွဲ့ကြီးမှာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ရဲ့နေရာကို အစားဝင်ယူဖို့ပြင်ဆင်နေပါတယ်။ ဟန်ဂေရီနဲ့ ပိုလန်တို့ကလည်း ကြားထဲကနေ ထိန်းချုပ်ဟန့်တားမယ့် သဘောမှာရှိပြီး အဲဒီအုပ်စုထဲမှာ ပေါ်ပြူလစ်ဇင်တွေလည်း ပါလာနိုင်ပါတယ်။ အခုဆိုရင် ၂၀၁၈ နှစ်ကုန်ပိုင်းကိုလည်း ရောက်ရှိလာပါပြီ။ ပြီးခဲ့တဲ့နှစ်တွေနဲ့ မတူညီတာကတော့ ဥရောပသမဂ္ဂ အဖွဲ့ကြီးအတွင်းမှ ခေါင်းဆောင်မှု ခိုင်ခိုင်မာမာပြုနိုင်မယ့် ခေါင်းဆောင်ကင်းမဲ့ နေတာပါပဲ။

ကသောင်းကနင်းအခြေအနေများ 

ယခင်တုန်းက အိန်ဂျလာမာကယ်ဟာ အဖွဲ့ကြီးအတွင်းမှာ ဦးစီးဦးဆောင်ပြုခဲ့ပေမယ့် အခုအခါမှာတော့ သူ့ရဲ့အသံဟာ တိတ်ဆိတ်လို့နေပါတယ်။ အဖွဲ့ကြီးအတွင်းမှာ အိန်ဂျလာမာကယ် နေရာယူပြီး ပြောင်းလဲမှု တွေပြုလုပ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ပြင်သစ်သမ္မတ မက်ခရွန်ဟာလည်းပြည်တွင်းမှာ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းပဋိပက္ခတွေကလည်း ပျံနှံ့လို့နေပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် သူ့ရဲ့သမ္မတသက်တမ်းကိုတောင် အန္တရာယ်ရှိနေတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံရေးအရ ကသောင်းကနင်းနိုင်တဲ့ အခြေ အနေတွေကလည်း ပိုပိုပြီး ထင်ရှားလာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကလည်း ဥရောပ နိုင်ငံတွေက မြို့ကြီးတွေဆီကို လေယာဉ်နဲ့ ခေါက်တုံ့ခေါက်ပြန်လာနေရတယ်။

အကြောင်းကတော့ ဗြိတိန်ဥရောပသမဂ္ဂကနေ အပြီးသတ်နုတ်ထွက်ရေးအတွက် အရေးပေါ် အစည်းအဝေးတွေ ပြုလုပ်ဖို့ပါ။

ပိုပိုပြီး ခက်ခဲလာ 

ထရီဆာမေရဲ့ ဘရီးဇစ်စာချုပ်ကို ဗြိတိန်ပါလီမန်က ကန့်ကွက်နေတဲ့အချိန် ဥရောပခေါင်းဆောင်တွေဆီက လက်ခံပေးမှုကိုရရှိဖို့အတွက် ဥရောပမြို့ကြီးတွေဆီ အခေါက်ခေါက်အခါခါလာရောက်ပြီး တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ခန့်က မြင်တွေ့နေရတဲ့ အခြေအနေထက် အခုမြင်တွေ့နေရတဲ့ အရာတွေဟာ ပိုပိုပြီးခက်ခဲလာတာကို တွေ့ရပါတယ်လို့ ပြင်သစ် သမ္မတဟောင်းနဲ့ ဥရောပနိုင်ငံခြားရေးရာ ဌာနမှ òန်ကြားရေးမှူးဟောင်းဖြစ်သူ ပီယာရာ ဗီနော့ကပြောပါတယ်။

အခုလက်ရှိဥရောပသမဂ္ဂမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးကသောင်းကနင်းနိုင်မှုတွေဟာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်မှုတွေကြောင့် ဖြစ်ပေါ်လာ ရတာဖြစ်တယ်လို့ အချို့ကယူဆကြသလို ၂၀ဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကြောင့်လည်း မတည်ငြိမ်မှုတွေ ပိုပြီးဖြစ်လာတယ်။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံပေးဖို့ ခွဲတမ်းချမှတ်ခဲ့တဲ့ ကာလမှာတော့ မကျေမနပ်ဖြစ်မှုတွေဟာ ပိုမိုအားကောင်းလာပြီး ဖရိုဖရဲဖြစ်လာခဲ့ပါတယ်။

ဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲအတွက်ဆွေးနွေးမည် 

ယခုသီတင်းပတ်နှောင်းပိုင်းမှာတော့ ဥရောပ ခေါင်းဆောင်တွေဟာ ဘရပ်ဆဲလ်မှာစုဝေးကြပြီး နှစ်ကုန်ပိုင်း ထိပ်သီးအစည်းအဝေးကို ပြုလုပ်မှာပဲဖြစ်ပါတယ်။ အဲဒီမှာ ဗြိတိန်ဥရောပသမဂ္ဂကနေ နုတ်ထွက်ရေးအတွက် အခွင့်အရေးကမ်းလှမ်းမှုတွေလည်း ပြုလုပ်သွားဖို့ရှိပါတယ်။

နောက်ပြီးတော့ လာမယ့်နွေဦးကာလမှာ ဥရောပပါလီမန်ဥက္ကဋ္ဌအသစ် ရွေးချယ်ပွဲအတွက်လည်း ဆွေးနွေး သွားကြမှာဖြစ်ပါတယ်။ အဖွဲ့ကြီးအတွင်း နိုင်ငံပေါင်း ၂၈ နိုင်ငံကနေ မဲပေးရွေးချယ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ရလဒ်ဟာ အခုအချိန်မှာတော့ အရေးအကြီးဆုံး အခြေအနေတစ်ခုဖြစ်နေပါပြီ။

အဖွဲ့ကြီးအတွင်းက လက်ယာစွန်းရောက် အဖွဲ့တွေဟာ ဥရောပသမဂ္ဂအဖွဲ့ကြီးအတွင်းမှာ သူတို့ရဲ့ အာဏာပိုပြီးတိုးလာအောင် လုပ်ဆောင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဘယ်သူက ဆက်လက်ဦးဆောင်သွားမလဲ 

အခုအခါမှာ အားလုံးသိချင်နေကြတဲ့ မေးခွန်း ကတော့ ရှေ့ဆက်လက်ပြီး ဥရောပကို ဦးဆောင်မယ့်သူ၊ စုစည်းမယ့်သူဟာ ဘယ်သူပါလဲ။ နိုင်ငံရေး မျိုးဆက်သစ်တွေထဲက ဘယ်သူဖြစ်လာမလဲ။ ဒါဟာစိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်း တစ်ခုပါပဲလို့ ဂျာမနီကောင်စီမှ နိုင်ငံတကာဆက်ဆံ ရေးညွှန်ကြားရေးမှူး ဆွက်ဇာဒင်နီရယ်လာက ပြောပါတယ်။

လက်ရှိဥရောပကော်မရှင်နဲ့ ပါလီမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ ပြီးဆုံးတော့မယ့်ကာလကို ရောက်လာပါပြီ။ ဒီလိုအချိန်မှာ ဂျာမနီဝန်ကြီးချုပ်ဖြစ်တဲ့ အိန်ဂျလာမာကယ်ရော၊ ပြင်သစ်သမ္မတမက်ခရွန်ပါ အင်အားချည့်နဲ့ နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေ တယ်။

ဖရိုဖရဲတွေဖြစ်လာ 

ဥရောပကို ဖမ်းစားနိုင်တဲ့ ခေါင်းဆောင်ရှားပါးနေတဲ့ အချိန်လည်းဖြစ်တယ်။ အိန်ဂျလာမာကယ်ဟာ ဥရောပကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု မြင့်တက်အောင် လုပ်နိုင်ခဲ့တဲ့သူဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေအတွင်းက အမျိုးသားရေးဝါဒီခေါင်းဆောင်တွေ တိုးပွားလာတာကို လွှမ်းမိုးနိုင်စွမ်းရှိသူလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမနီမှာ သူ့နေရာအတွက် ရွေးချယ်ထားခဲ့တဲ့ မစ္စအင်နီဂရက်ကတော့ ဥရောပကို လိုလား ထောက်ခံသူဖြစ်ပေမယ့် နိုင်ငံခြားရေးမူဝါဒနဲ့ပတ် သက်လို့ကတော့ အတွေ့အကြုံအနည်းငယ်သာရှိပါတယ်။ နောက်ပြီးတော့ ပြင်သစ်သမ္မတမက်ခရွန် လက်ရှိပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး ပြဿနာတွေဟာ ဥရောပရဲ့အဓိက မူဝါဒချမှတ်သူဖြစ်တဲ့ ပြင်သစ်-ဂျာမနီဆက်ဆံရေးမှာ ဖရိုဖရဲတွေ ဖြစ်လာပြီဆိုတာကို ပြသနေပါတယ်။

လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ 

ဘရီးဇစ်လို့ခေါ်တဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာတော့ အဖွဲ့ဝင် နိုင်ငံတွေ အစိုးရတွေကြားမှာ တင်းမာမှုတွေ ပိုပြီးဖြစ်လာတယ်။ ဘရပ်ဆဲလ်ရဲ့ အုပ်ချုပ်မှုယ္တရားမှာလည်း အားနည်းမှုတွေပေါ်လာတယ်။

အခုအချိန်မှာ နိုင်ငံတွေရဲ့ အုပ်စုငယ်လေးတွေကို ဦးစီးဦးဆောင်မှုပြုနိုင်မယ့်သူ၊ တက်တက်ကြွကြွနဲ့ ခေါင်းဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်းတွေ လိုအပ်နေတာကတော့ အမှန်ပါပဲလို့ ဂျာမနီကောင်စီမှ နိုင်ငံတကာဆက်ဆံရေးညွှန်ကြားရေးမှူး ဆွက်ဇာဒင်နီရယ်လာက ပြောပါတယ်။

အခုဆိုရင် အဖွဲ့ကြီးအတွင်းမှာ ပြဿနာတွေ တန်းစီပြီးတော့ရှိနေတာ သံသယဖြစ်စရာမရှိပါဘူး။ ပေါ် ပြူလစ်ဇင်တွေ ကြီးစိုးလာမှု၊ ဟန်ဂေရီနဲ့ ပိုလန်ရဲ့ပြဿနာ၊ ယူရိုငွေကြေးအသုံးပြုတဲ့ အသိုက်အဝန်းကြားမှာ ပေါ်ပေါက်လာတဲ့ခြိမ်းခြောက်မှု၊ အီတလီရဲ့ အသုံးစရိတ်ပြဿနာ၊ အမေရိကန်သမ္မတထရမ့်ရဲ့ မထီမဲ့မြင် ပြုလုပ်တာတွေ ဒါတွေအားလုံးဟာ လက်ရှိမှာအဖွဲ့ကြီးအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါပဲ။

မျှော်လင့်ချက် ဝေဝါးသွား 

သမ္မတမက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဥရောပရဲ့လိုအပ်နေတဲ့ ခေါင်းဆောင်ပိုင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ အများကမျှော်လင့်ခဲ့ကြပေမယ့် ပြင်သစ်နိုင်ငံရဲ့ ပြည်တွင်းရေး မတည်မငြိမ်ဖြစ်မှုတွေကြောင့် ဒီမျှော်လင့်ချက်ဟာလည်း ဝေဝါးသွားပြန်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ပြင်သစ်သမ္မတဟာ တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောခဲ့ပြီး ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေကို ချုပ်ငြိမ်းအောင်လုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီလိုပြဿနာတွေကြောင့်လည်း ဥရောပသမဂ္ဂအဖွဲ့ ကြီးအတွင်းမှာ မက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လက်ခံယုံကြည်ပေးကြသူတွေရဲ့ မျှော်လင့်ချက် ကို ပျက်ပြားသွားစေခဲ့ပါတယ်။

ပြဿနာကိုယ်စီရှိ 

အဖွဲ့ ကြီးအတွင်းက ပြဿနာတွေဟာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့မှာတင်ရှိတာ မဟုတ်ပါဘူး။ အခုအချိန်အထိ အစိုးရအဖွဲ့မဖွဲ့နိုင်သေးတဲ့ ဆွစ်ဇာလန်၊ လူဝင်မှုကြီးကြပ်ရေးပြဿနာ တွေကြောင့် လက်ယာ စွန်းရောက်ပါတီအစိုးရကနေ နုတ်ထွက်သွားတဲ့ ဘယ်လ်ဂျီယံတို့မှာလည်း ပြဿနာ ကိုယ်စီနဲ့ပါ။ အလားတူပါပဲ။

စပိန်၊ နယ်သာလန်၊ ဒိန်းမတ်တို့မှာလည်း ရွှေ့ပြောင်းအခြေချနေထိုင်သူအရေးကြောင့် မကျေနပ်မှုတွေ မြင့်တက်နေပါတယ်။ မေလအတွင်းမှာပြုလုပ်မယ့် ဥရောပပါလီမန်ကတော့ နောက်ထပ်စမ်းသပ်မှုတစ်ရပ် ဖြစ်လာမှာပါ။ ဥရောပမှာရှိတဲ့ လက်ယာစွန်းရောက်ပါတီတွေကတော့ စုစည်းပြီး ဥရောပပါလီမန်မှာ နေရာများများရဖို့ မျှော်လင့်ထားကြပါတယ်။ ဥရောပကိုစုစည်းနိုင်မယ့် ခေါင်းဆောင်ကောင်း ပေါ် လာမလာ ကတော့ အခုအချိန်အထိ အဖြေမထွက်သေးပါဘူး။ ကိုးကား -နယူးယောက်တိုင်းမ်