နေပြည်တော် ဧပြီ ၁၀
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၏ အဂတိတရားများအား သိရှိနိုင်ပါရန် နှင့်စုံစမ်းဖော်ထုတ်ပေးပါရန် တိုင်ကြားခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး(ယခု ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယ ညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး) နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့သည် ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်များမှ ခွဲဝေချထားပေးသည့် လုပ်ငန်းရန်ပုံငွေများကို သုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမှ ရုံးချုပ်သို့ ပံ့ပိုးငွေအဖြစ် ၂၀၁၄ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် ၂၃၇၆၉၇၇၈၀ ဒသမ ၂၂ ကို လည်းကောင်း၊ ၂၀၁၅ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် ၈၈၉၇၆၂၁၅ ဒသမ ၆၄ ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့မှ ငွေကျပ် (၁၂၉၅) သိန်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် အတွင်းက တိုင်းဒေသကြီးရုံးတို့မှ ငွေကျပ် (၈၁၀) သိန်းကို လည်းကောင်း လွှဲပြောင်းပေးပို့စေခြင်းဖြင့် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး(ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နှင့် ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်းတွင် ယနေ့ ရက်စွဲဖြင့် ပထမ သတင်းပေးတိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)


