နေပြည်တော် အောက်တိုဘာ ၂

 

PDF အမည်ခံအစွန်းရောက် အကြမ်းဖက်သမားများသည် သာသနာတော်အကျိုး သယ်ပိုးလျက်ရှိသော ရဟန်းသံဃာတော်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်လုပ်ရပ်များအား လူမဆန်စွာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ယုတ်မာရိုင်းစိုင်း၍ အသိတရားကင်းမဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

 

ကျရောက်ပေါက်ကွဲ

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ချီပါ (တောင်) ရွာအနီးမှ PDF အမည်ခံအကြမ်းဖက်သမားများသည် သာသနာတော်အကျိုး သယ်ပိုးလျက်ရှိသော သံဃာတော်များ သီတင်းသုံးနေထိုင်လျက်ရှိသည့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ယုတ်မာရိုင်းစိုင်းစွာဖြင့် လက်လုပ်ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့သောကြောင့် အောင်မြေဘုန်းတော်ကြီး ကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းသို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းမှ စာသင်စာချပြုလုပ်နေသည့် သံဃာတော်များဖြစ်သည့် သက်တော် ၁၂ နှစ်နှင့် ၁၃ နှစ် အရွယ် သာမဏေကိုရင်သုံးပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်ရှစ်ပါး ဗုံးစထိမှန် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပျံလွန်တော်မူ၊ ဒဏ်ရာရရှိခဲ့သည့် ကိုရင်ငယ်များအား ရွှေဘိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

 

PDF အမည်ခံ အကြမ်းဖက်သမားများသည် ယခုကဲ့သို့စစ်ရေးနှင့် မသက်ဆိုင်သည့် သာသနာနိက အဆောက်အအုံနေရာသို့ အသိတရားကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်