ရွှေဘို ၃၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မတ် ၃၀ ရက် မွန်းလွဲပိုင်းက ရွှေဘိုမြို့ စည်ပင်သာယာမြို့မစျေးကြီးအတွင်း တောင်ဘက်ခြမ်း စက်ချုပ်တန်းရှိ ပစ္စည်းများထားရှိရန်နေရာတွင် ရှို့မီးဖြစ်ပွားခဲ့ပြီး မီးရှို့သူအား ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဉီးထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်က ရွှေဘိုမြို့ စည်ပင်သာယာ မြို့မစျေးကြီးအတွင်း၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဉီးအေးမြင့် ဉီးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် ထွက်ခွာခဲ့ကာ မီးလောင်မှုအား စျေးသူစျေးသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ ကိုကိုနိုင် (၅၃)နှစ် အမှတ် (၅)ရပ်ကွက် ဆင်ရုံရပ် ရွှေဘိုမြို့နေသူမှ လိမ္မော်သီးတင် တွန်းလှည်းပေါ်မှ ဖျာချပ်နှစ်ချပ်အား ဓါတ်ဆီလောင်း၍ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဖျာချပ်နှစ်ချပ် မီးလောင်ဆုံးရှုံးကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စျေးအတွင်းပစ္စည်းများ သိုလှောင်ထားရှိသော အဆောက်အဉီအတွင်း ဖျက်ဆီးရန် ကြံရွယ်ချက်ဖြင့် မီးရှို့အကျိုးဖျက်ဆီးသူ ကိုကိုနိုင်ကို ရွှေဘိုမြို့မရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)


