ရွှေဘို ၂၆ မတ် 
  

ရွှေဘိုခရိုင်တွင် JICA (AIIP) စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် မျိုးစေ့ မြေသြဇာပိုးသတ်ဆေး ထုတ်လုပ်ရောင်းချသူ (Input Supplier) ပြင်ပ အဖွဲ့အစည်းများအတွက် (PPP) ဖြင့် ဆောင်ရွက်မည့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေကြွယ်ဝင်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


သင်တန်းဖွင့်ပွဲသို့  တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်း တက်ရောက်ခဲ့ပြီး   ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့မှ စိုက်ပျိုးရေးဝန်ထမ်းများ၊  မျိုးစေ့ထုတ်တောင်သူများ၊  ပိုးသတ်ဆေး အရောင်းဆိုင်ပိုင်ရှင်များ မြေသြဇာ အရောင်းဆိုင်ပိုင်ရှင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၈၀) ခန့်တက်ရောက်ခဲ့ကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။


မိုးသောက်(ရွှေဘို)