ရွှေစေက်တော် ရွှသေမင်ဘေးမဲ့ဥယျာဉ်ကို ဘုရားပွဲတော်မတိုင်မီ ဖွင့်လှစ်မည်

မင်းဘူး ၂၃ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားအဝင်ရှိ ရွှေသမင် ဘေးမဲ့ဥယျာဉ်ကို ဘုရားဖူးလာပြည်သူများ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ရန်အတွက် ဘုရားပွဲတော်အမီ ကြိုတင်ပြင်ဆင်မှုများပြုလုပ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် ဂေါပကအဖွဲ့မှ သိရသည်။

ရွှေသမင်ဘေးမဲ့ဥယျာဉ်ကို မန်းရွှေစက်တော် သုံးမိုင်လမ်းရှိ လှေတင်တံတား အနောက်ဘက်တွင် ဆောက်လုပ်ထားရှိပြီး ဘုရားပွဲတော်လာပြည်သူများ အပန်းဖြေ ကြည့်ရှုနိုင်ရန် လွန်ခဲ့သော ရှစ်နှစ်ခန့်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ရွှေသမင်ဘေးမဲ့ဥယျာဉ်တွင် ရွှေသမင် အထီး ၁၀ ကောင်၊ အမ ၁၁ ကောင်နှင့် ချေတစ်ကောင်တို့ကို မွေးမြူထား ရှိသည်။ ရွှေသမင်ဘေးမဲ့ဥယျာဉ်တွင် ရွှေသမင်များကို ကျွေးမွေးစောင့်ရှောက်ရန် ဝန်ထမ်းများထားရှိပြီး ရွှေသမင်များကို ကျန်းမာရေး စောင့်ရှောက်မှုကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန်များက လာရောက် ဆောင်ရွက်ပေးကြောင်း သိရသည်။

ရွှေသမင်ဘေးမဲ့ဥယျာဉ်က ရွှေစက်တော်ဘုရားအဝင် ကားလမ်းဘေးမှာ ရှိတာကြောင့် ဘုရားဖူးလာကြတဲ့ ပြည်သူတွေက အပန်းဖြေရင်း နေ့စဉ်ဝင်ရောက်ကြည့်ရှုကြပါတယ်။ ဒီရွှေသမင်လေးတွေက ရွှေစက်တော် ဘေးမဲ့ကြိုးဝိုင်းအတွင်းမှာ ကြီးပြင်းပေါက်ဖွားတဲ့ ရှားပါးတဲ့ ရွှေသမင်မျိုးစိတ်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ရွှေသမင်တွေ အများကြီးရှိခဲ့ပေမယ့် ခိုးယူ သတ်ဖြတ်စားသောက်တာတွေကြောင့် တဖြည်းဖြည်း လျော့နည်းလာလို့ သေချာပြုစုထိန်းသိမ်း စောင့်ရှောက်နေရတာပါ၊ အဲဒါကြောင့် ရွှေစက်တော်ဘေးမဲ့တောအတွင်း ရွှေသမင်များကို အမဲလိုက်ခြင်း၊ သတ်ဖြတ်ခြင်းကို တွေ့ရှိပါက သစ်တောဥပဒေ နှင့်အညီ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သတိပေး ဆိုင်းဘုတ်များနဲ့ ကြော်ငြာထားပါတယ်” ဟု မြို့နယ်သစ်တောဦးစီးဌာန မှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ရွှေစက်တော်ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသော ပြည်သူများသည် ရွှေစက်တော်ဘုရားကို ကြည်ညိုဖူးမြော်ရင်း စိတ်အပန်းဖြေရန် ရွှေသမင်ဘေးမဲ့ ဥယျာဉ်သို့လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မေသူလွင်(မကွေး)