မင်းဘူး  ၅   ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ရွှေစက်တော်ဘေးမဲ့တောထဲတွင် သဘာဝအတိုင်း ပေါက်ဖွားရှင်သန်နေသော ဒေသမျိုးစိတ် ရှားပါးရွှေသမင် အကောင်ရေစာရင်းများကို နှစ်စဉ်ဧပြီလရောက်တိုင်း ကောက်ယူလျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွက် စာရင်းများ ရရှိရန် ဧပြီလ ၃ ရက်နေ့မှစ၍ စာရင်းကောက် အဖွဲ့(၄)ဖွဲ့ဖြင့် ကောက်ယူလျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရုံးမှ သိရသည်။

 

စာရင်းကောက်ယူရေး အဖွဲ့သည် ရွှေသမင်များ ကျက်စားရာနေရာတွင် လိုင်း ၂၄ လိုင်း သတ်မှတ်ကာ GPS အမှတ်အသားဖြင့်  လိုင်းအတိုင်း တည့်တည့်လျှောက်ကာ စာရင်းကောက်ယူရကြောင်း၊ သမင်ကိုတွေ့သည့်အခါတွင် စာရင်းမှတ် သူ၏ ဘယ်ဘက်၊ ညာဘက်၊ အကွာအဝေး၊ တွေ့ရှိသည့်အုပ်စုအကောင်ရေ၊  အကောင်ကြီးနှင့် သားပေါက်အကောင်ရေ၊ အထီး၊ အမ စသည့်အချက်အလက်များ မှတ်တမ်းရယူကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအုန်းလွင်ထံမှ သိရသည်။

 

လိုင်းတစ်လိုင်းကို အနည်းဆုံး လူသုံးယောက်လိုပါတယ်။ စာရင်းမှတ်တဲ့သူရယ်၊ အကွာအဝေးတိုင်းတဲ့သူရယ်၊ ရှေ့ကဦးဆောင်ပြီး လိုင်းအတိုင်း အဖြောင့်သွားရတဲ့သူရယ်ပေါ့။ နေကလည်းပူတယ်။ လိုင်းကလည်း ရှည်တော့ တစ်ဖွဲ့ကို တစ်နေ့တစ်လိုင်းလောက်ပဲ လုပ်နိုင်ပါတယ်။ လိုင်းပေါင်း ၂၄ လိုင်းလုံးရဲ့ အချက်အလက်တွေ ကောက်ယူပြီးပြီဆိုရင် King's Method ထဲထည့်ပြီး တွက်ကြည့်ရတာပေါ့။ ပြီးရင်တော့ ဘေးမဲ့တောထဲမှာ ရှိနိုင်တဲ့ ခန့်မှန်း ရွှေသမင်အကောင်ရေကို  ရရှိနိုင်ပါပြီ” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးအုန်းလွင် က ရှင်းပြသည်။

 

ရွှေစက်တော်ဘေးမဲ့တောသည် မင်းဘူး(စကု)မြို့နယ်၊ စေတုတ္တရာမြို့နယ်၊ ငဖဲမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် များထဲတွင် ကျရောက်နေကာ ဧရိယာအကျယ်အဝန်း ဧကတစ်သိန်းကျော် (၁၁၄၆၇၈ ဒသမ ၇၁ ဧက) ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းများအရ ရွှေသမင် ၁၀၅၄ ကောင်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ကောင်ရေ ၁၅၀ဝ ခန့်ထိ တိုးပွားလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

ရွှေစက်တော်ဘုရားအနီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရုံးမှ မိုင် ၂၀ ခန့်အကွာ(ပွင့်ဖြူမြို့နယ်ထဲ)၌ သမင်များ ရေသောက်ရန် တစ်ဧကခွဲခန့်အကျယ်ရှိ ကန်တော်ကြီး(မြေသားမိုးရေစုကန်)ကို ၂၀၁၇ ခုနှစ်၌ ဆည်မြောင်းဦးစီးဌာနက တူးဖော်ပေးထားကြောင်း၊ အဆိုပါကန်တွင် ရေဂါလန် တစ်ဆယ့်ရှစ်သိန်း သုံးသောင်းကျော် သိုလှောင်ထားနိုင်ပြီး သမင်များ ရေဆင်းသောက်နိုင်သည့် ပေ ၂၄၀ အကျယ်လမ်းကို ဖန်တီးပေးထားကြောင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရုံးမှ သိရှိရသည်။

 

ဇေယျတု(မကွေး)