ရှေးဟောင်းရေကန် ၄ ကန်ကို စမ်းသပ်တူးဖော်သုတေသနပြုနေပြီး ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ကာ မူလအတိုင်း အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက်သွားမည်

ရန်ကုန် ဧပြီ ၂၃


ရှေးဟောင်းရေကန် ၄ ကန်ကို စမ်းသပ်တူးဖော်သုတေသနပြုနေပြီး ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ကာ မူလအတိုင်း အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက်မည်သွားဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။


ပုဂံခေတ်ကပင် အသုံးပြုခဲ့ပြီး ရှေးဟောင်းအုတ်များဖြင့် ဖန်တီးထားသည့် ရှေးဟောင်း လေးကန်ကို တွေ့ရှိထားရာ လက်ရှိတွင် ရေကန်၏ မူလအကျယ်၊ ကန်အနက် စသည်တို့ကို စမ်းသပ်တူးဖော်သုတေသန လုပ်ဆောင်နေပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ရှေးဟောင်းရေကန်ပုံစံတွေ ထွက်လာတဲ့ အဟောင်း ၄ ခုလောက်ရှိတယ်။ အခုကတော့ ရေကန်အကျယ်အဝန်း ဘယ်လောက်ရှိလဲ၊ ရေကန်အနက်က ဘယ်လောက်ရှိလဲ အဲဒါတွေကို ပမာဏစမ်းသပ်ချက်တူးဖော်မှုတွေ လုပ်နေတာပေါ့နော်။ အဲဒါတွေသိရပြီးတော့မှ ရေကန်တွေဆက်ပြီးတော့ ဖြည်းဖြည်းချင်းဆယ်ပြီး သုတေသန လုပ်နေတာပေါ့။ ပြီးရင်ဆက်တူးမှာပေါ့။ ဖြည်းဖြည်းချင်း သုတေသနသဘောအတိုင်းတူးပြီး ထိန်းသိမ်းရေးလုပ်ငန်း လုပ်သွားမှာပေါ့။ ကျွန်တော်တို့ အခုလုပ်နေတာက အုတ်ကန်၊ ရွာဟောင်းကြီးကန်၊ ဖွားစော ဆုတောင်းပြည့်ကန်၊ ရေတောင်မုနိကန်တွေ ဖြစ်တယ်။ ရှေးဟောင်းရေကန်တွေကို တူးဖော်သုတေသနပြုပြီး နဂိုအတိုင်းပြန်ရရင်တော့ ကျွန်နော်တို့က ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ပြီး သူရဲ့ မူလ Function အတိုင်း အများပြည်သူလေ့လာလိုရတဲ့ နေရာမျိုး ဖန်တီးသွားမယ်” ဟုလည်း ၎င်းက ပြောကြားသည်။


လက်ရှိဆောင်ရွက်နေသည့် ရေကန်အကျယ်အဝန်းနှင့် ရေကန်အနက်တို့ကိုသိရှိပြီးမှ ဆက်လက်တူးဖော် သုတေသန ပြုရမည်ဖြစ်ပြီး ပြီးစီးမည့်အချိန် ကြိုတင်တွက်ချက်၍မရကြောင်းနှင့် အဆိုပါရေကန်များမှာလည်း ပုဂံခေတ် ရှေးဟောင်းအုတ်များဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းရေကန်များဖြစ်သည့်အတွက် လုပ်ငန်းစဉ်ကို အလျင်စလိုဆောင်ရွက်၍ မရကြောင်းလည်း ဦးကျော်မျိုးဝင်းက ပြောသည်။


သင်္ကြန်ကာလအပြီးတွင် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ခြင်း ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည့်အပြင် ပုဂံဒေသ၏ သန့်ရှင်းရေးပိုင်းနှင့် ဘုရားထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အဓိကထား ဆောင်ရွက် နေကြောင်းလည်း သိရသည်။

MT