တွံတေး ၂၇  မတ်  


ရှေးဟောင်းသမိုင်းဝင်ဆံတော် (၆)ဆူ ကိန်းဝပ်တော်မူသော  ရွှေဆံတော် စေတီတော်မြတ်ကြီး လုံးတော်ပြည့် ကြေးပြားသင်္ကန်း ကပ်လှူနိုင်ရန်အတွက် စေတီတော်မြတ်ကြီးအား ကြံ့ခိုင်မှုစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။


တွံတေးမြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းတော်ကြီးအား ကြေးဖရိန်၊  ကြေးပြားကပ်လှူခြင်း၊ အပူငြိမ်း စကျင်ကျောက်ပြားများ ရင်ပြင်တစ်ပတ်ခင်းခြင်း လုပ်ငန်းများကို မတ်လ ၁ ရက်မှ ၂၀၂၀  ခုနှစ် မတ် ၃၁ ရက်အထိ ဆောင်ရွက်ပူဇော်ရန် စီမံထားကြောင်း သိရသည်။


စေတီတော်ကြီးကို လွန်ခဲ့သော  နှစ်ပေါင်း (၂၆၀ဝ) ခန့်က ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော် (၆)ဆူ ဌာပနာ၍ ခေတ်အဆက်ဆက်မင်းများ ကုသိုလ်ပြု မွမ်းမံခဲ့ခြင်း ဖြစ်သည်။ စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ရင်ပြင်တော်မှ ငှက်ပျောဖူးအထိ ၂၄၇ဒသမ ဝ၈ ပေရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် တတိယအမြင့်ဆုံး စေတီတစ်ဆူဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


စေတီတော်ကြီး ကြံ့ခိုင်မှုအား ပညာရှင်များဖြစ်သော ဦးညွှန့်မောင်စန်း ဦးဆောင်သော အထူးလုပ်ငန်း ကော်မတီအဖွဲ့မှ စေတီတော်ကြီး ကြံ့ခိုင်မှု၊ ရင်ပြင်တော်၊ မေရုဒကုန်းတော်နှင့် ရေ၊ မီး၊ မိုးကြိုးလွှဲ စနစ်တကျ သွယ်တန်းထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက် ပေးလျက်ရှိပြီး၊ လိုအပ်ချက်များကို အကြံပြုပေးခဲ့ကြောင်း သိရသည်။


အဆိုပါခေါင်းလောင်းတော်ကြီးကို (၉လက်မ) ပတ်လည် ကြေးပြားကပ်လှူရာတွင် ကြေးဖရိန်ချောင်းထု (၁၃ ဂိတ်) ဗျက် (ဝ.၇၅လက်မ) ကြေးပြားထု (၂၆ ဂိတ်) ဗျက် (၉ လက်မ x ၉ လက်မ) ကြေးပြားနှင့် အပူငြိမ်း စကျင်ကျောက်ပြား ရင်ပြင်တစ်ပတ် ခင်းမည်ဖြစ်သဖြင့် လှူဒါန်းလိုသော အလှူရှင်များ ရွှေဆံတော်ဂေါပက ဘဏ္ဍာတော်ထိန်းရုံး (ဝ၄၅-၅၀ဝ၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။


မျိုးလှိုင်(တွံတေး)