ပေါင် ၁၉ ဧပြီ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ဘုရားရှင် (၈) ဝါမြောက်ကာလတွင် တိဿကုမာရ ရသေ့ကြီး တည်ထားကိုးကွယ်ခဲ့သော ဆံကေသမဟာဓာတုဝင် ရွှေဇင်းကျိုက်ဆံတော်ရှင် စေတီတော်မြတ်ကြီး တောင်ထိပ် ဝိဇ္ဇာညီနောင်ရင်ပြင်နှင့် ကားရပ်နားရာရင်ပြင် တိုးချဲ့ခြင်း၊ တောင်တက်ကားလမ်း တိုးချဲ့လှူဒါန်းခြင်း၊ တည်းခိုဆောင် တည်ဆောက်လှူဒါန်းခြင်း၊ လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ကပ်လှူခြင်း၊ ကမ္ဗည်းမော်ကွန်း စာ ဖွင့်လှစ်ခြင်းနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ မင်္ဂလာမော်ကွန်းကမ္ဗည်း ကျောက်စာအား နိုင်ငံတော်သြဝါဒစရိယ မဟာသဒ္ဓမ္မဇောတိက ဓဇရွှေဒင်္ဂါး ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဗုဒ္ဓတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာတော်၊ ဒုတိယကျိုက်ထီးဆောင်း ဆရာတော်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်း ဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီးနောက် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်မဂ္ဂမဟာမဏ္ဍိတ အဂ္ဂမဟာ ဇောတိကဓဇ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တကုမာရ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ မြန်မာနိုင်ငံလုံးဆိုင်ရာနယ်စပ်နှင့် တောင်တန်း သာသနာပြု အဖွဲ့ချုပ် (ဗဟို) ဥက္ကဋ္ဌ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို သံဃာအရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ တို့က သာသနာရေးဆိုင်ရာများအား လျှောက်ထားကြပြီး အခမ်းအနားမှူး ဦးစံသင်းလှိုင်က ထုတိသြဘာဂါထာတော်များဖြင့် ပူဇော်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ ပဓါနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓန္ဒိမာဘိဝံသ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်း လောင်းအမျှပေးဝေကြသည်။
၄င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ ဓါတ်လှေခါးဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်တင်လှူပူဇော်ကြသည်။ ထို့နောက် ဆရာတော်ကြီးများက စေတီတော်ကြီးအား ဘိသေကအနေကဇာတင်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုကြပြီးဗုဒ္ဓဘိသိက် သွန်းတော်မူကြပြီးနောက် ကြွရောက်လာသောဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုဟိန်း( ပေါင် )


