မောင်နေလင်း(ပန်းလှိုင်မြေ)
တောင်ကျွန်းခရိုင်မှာလေ
မောင်ထွန်းမြိုင်ဆိုတာဟာ
ကျွန်တော်ပိန်ရှေခြောက်ပါပဲ
အိမ်ခြေလျှောက်ကာ
အချိန်မဟုတ်ရင်ဖြင့်
ထဘီထုပ်ကိုဆွဲ.. ။
ထဘီထုပ်ကိုဆွဲ... ။
ပရိသတ်မှာ ဝေါခနဲ ပွဲကျသွားသည်။
လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်က ညောင်တုန်းမြို့ပေါ် အလွန်စည်ကားသော ဘုံကထိန်ပွဲကြီးတွင် ကြေးနောင်ဆရာလေး မောင်ဖိုးထွန်းကသူ့ကိုယ် သူမင်းသားအသွင် ကပြအသုံးတော်ခံရန် ခွန်းထောက်တစ်ပုဒ်ကို လက်တန်း ပေါက်ကရဆိုလိုက်ခြင်းကြောင့် ပရိသတ်မှာ ဝေါခနဲ ပွဲကျသွားခြင်းဖြစ်သည်။
ထိုစဉ်က ညောင်တုန်းဆိုင်းဆရာ၊ ဓနုဖြူဆိုင်းဆရာဟုလူသိများသော ဆိုင်းဆရာကြီး ဦးကျော်ဦးမှာ မောင်ဖိုးထွန်း၏ ဖခင်ဖြစ်သည်။ ဆိုင်းဆရာကြီး ဦးကျော်ဦး၏ဆိုင်းအဖွဲ့မှာ ပွဲတိုင်းကျော်ဖြစ်သည်။ သာရေးနာရေးတိုင်း သူ့ဆိုင်းမပါလျှင် ပွဲမစည်။ သူ့ဆိုင်းအဖွဲ့ကပါစမြဲ။ ညောင်တုန်းမြို့ ဘုံကထိန် ပွဲကြီးများတွင်လည်း သူ့ဆိုင်းအဖွဲ့က မပါမဖြစ်။
သည်ကထိန်ပွဲကြီးတွင် သူ့ဆိုင်းအဖွဲ့က ညကအတော်ညဉ့်နက်အောင် တီးမှုတ်ခဲ့ကြရသဖြင့် နေ့ဘက်တွင် ဆိုင်းသမားများသည် အသီးသီးနေရာရှာ၍ အိပ်နေကြသည်။ ကြေးနောင်ဆရာလေး မောင်ဖိုးထွန်းမှာမူ မအိပ်နိုင်ဘဲ အပေါင်းအဖော် ကာလသားများနှင့် ပွဲကျနေသည်။ ပဒေသာပင်များနှင့် ပါလာသော အရပ်ဆိုင်းဖြင့် မင်းသားလုပ်ပြီး ကပြနေခြင်းဖြစ်သည်။
ပရိသတ်အလယ်တွင် သောချင်တိုင်းသော၊ ဟဲချင်တိုင်းဟဲ၊ ကချင်တိုင်းက၊ တဝေါဝေါဖြင့် ပွဲကျနေသည့် သူ့သား မောင်ဖိုးထွန်းကိုလှမ်းမြင်နေခဲ့ရသော ဖခင်ဖြစ်သူ ဦးကျော်ဦးမှာ အလွန် စိတ်မကောင်းဖြစ်သွားရှာသည်။ သူဖြစ်စေ လိုသည်က ဆိုင်းဆရာ၊ သူ့သားဖြစ်လိုသည်က မင်းသား။
မင်းသားတို့တွင် ရှိအပ်သော ရုပ်ရည်ရူပကာ
ဆိုင်းဆရာကြီး ဦးကျော်ဦးသည် မဏ္ဍပ်တိုင်ကွယ်မှနေ၍ သူ့သားကို သေချာစွာကြည့်မိသည်။ သူ့သား မောင်ဖိုးထွန်းမှာ မင်းသားတို့တွင် ရှိအပ်သော ရုပ်ရည်ရူပကာ၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်း၊ အဆို၏ကောင်း ခြင်း၊ အပြော၏ကောင်းခြင်း၊ အက၏ကောင်းခြင်း စသော ကောင်းခြင်း ငါးဖြာနှင့် ပြည့်စုံနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသည်။ မင်းသားတို့၌ ရှိအပ်သော အင်္ဂါငါးရပ်နှင့် ညီညွတ်ပြည့်စုံနေသူကို မိမိ၏ ဆိုင်းပညာဘက်သို့ ဆွဲဆောင်ရန် မလွယ်ကူသဖြင့် သက်ပြင်းချလိုက်မိသည်။
ဆိုင်းဆရာကြီးဦးကျော်ဦးမှာ တိုင်းရင်းဆေးဆရာတစ်ဦး၏သားဖြစ်သည်။ သူ့ဖခင်က ဦးကျော်ဦးကို ဆေးဆရာ ဖြစ်စေလိုသည်။ သို့ရာတွင် ဦးကျော်ဦးမှာ ဆိုင်းကိုသာ ဝါသနာပါခဲ့သည်။ သူဝါသနာပါရာ ကြိုးပမ်းခဲ့သဖြင့် ဆိုင်း ဆရာကြီးအဖြစ် နာမည်ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ မိမိဝါသနာပါသည်ကို သင်ယူခြင်းက ပိုတတ်လွယ်သည်။ ပိုအောင်မြင်နိုင်သည်ကို သဘောပေါက် ခြင်းကြောင့်၊ ဆိုင်းဆရာဖြစ်စေလိုသည့် သူ့ဆန္ဒကို လက်လျှော့လိုက်ရသည်။ သို့ဖြင့်သားဖြစ်သူ မောင်ဖိုးထွန်းအား ဓနုဖြူ ဆရာမွန်းကြီးထံ အပ်နှံ၍ အက ပညာများကို သင်ယူစေခဲ့သည်။
ဆရာမွှန်းကြီးမှာ မြန်မာရှင်ဘုရင်များလက်ထက်က မင်းနေပြည်တော်တွင် ပုံရှည်မင်းသားအဖြစ် နာမည်ကျော် နာမည်ကြီးသူဖြစ်သည်။ သူ၏ တန်ဆာချွတ်အကမှာ ပွဲကျလှသည်။ နာမည်ကြီးလှသည်။ တန်ဆာချွတ် အကဆိုသည်မှာ ထင်းထမ်းသမားဆိုလျှင် တကယ့်ထင်းထမ်းသမားများဝတ်လေ့ရှိသော ထင်းထမ်းသမား အဝတ်အစားဝတ်၍ ကသည်။ သူတောင်းစား ဆိုလျှင်သူတောင်းစားအသွင်ဆင်ယင်၍ ကသည်။ သဘာဝကျကျ သူ့နေရာနှင့် သူ တန်ဆာဆင်၍ ကပြခြင်းမျိုးကိုပင် တန်ဆာချွတ်အကဟု ခေါ်ခြင်းဖြစ်သည်။ ပတ်တီးဆရာကြီး ဦးကျော်ဦး + ဒေါ်သစ်တို့က ကောဇာသက္ကရာဇ် ၁၂၃၇ ခုနှစ် ဝါခေါင်လဆန်း ၁၃ ရက် စနေနေ့တွင် မောင်ဖိုးထွန်းကို မွေးဖွားခဲ့သည်။ သူ့ဇာတာတွင် မောင်ထွန်းလှဟု မှည့်ထားသော်လည်း မောင်ထွန်း၊ မောင်ဖိုးထွန်းဟုသာ အခေါ်များသည်။ မောင်ဖိုးထွန်းဟုသာ လူသိများသည်။
မောင်ဖိုးထွန်းသည် ဆရာမွန်းကြီးထံမှ အဆို၊ အကသာမက၊ ဇာတ်ထုပ်၊ ဇာတ်ကွက်၊ ဇာတ်ချင်းရေးနည်းများကိုပါ သင်ကြားတတ်မြောက်ခဲ့သည်။ ထိုစဉ်ကဆရာကြီးများသည် ကြေးစားဆရာများမဟုတ်သဖြင့် တပည့်ပီသသော သူများကိုသာ ပညာပေးလေ့ရှိသည်။ စာတစ်ပုဒ်ရရန်အလွန်ခက်သည်။ မည်မျှပင်ကျွန်ခံစေကာမူ သူ၏စာနှင့် မလျော်ဟုယူဆပါက မပေးချေ။ ဇာတ်စာတို့မှာ ဌာန်ကရိုဏ်းကျရန် အလွန်လိုသည်။ ဇာတ်လုပ်ငန်းမှာ အသံ နှင့်ဟန်ကို များစွာအသားပေးထားသောကြောင့် ဆရာမွန်းကြီးသည် သူ့စာများကို လူတိုင်းကိုမပေးခြင်းဖြစ်သည်။ ထွန်းတောက်တော့မည့် မောင်ဖိုးထွန်းကိုမူ သူ့စာများကိုမပေး၍ မဖြစ်တော့။ မောင်ဖိုးထွန်းကိုမူ ဆရာမွန်းကြီးက အစုံအလင် သင်ကြားပေးခဲ့ရသည်။
သဘင်ပညာရှင်ကြီးများကပင် ချီးမွမ်း
မောင်ဖိုးထွန်းသည် ဆရာမွန်းကြီးထံမှ အဆိုအကနှင့် ဇာတ်ပညာများ တတ်မြောက်ခဲ့သည်။ ဆိုင်းဆရာကြီး ဦးကျော်ဦးသည် သားဖြစ်သူကို ရန်ကုန် မြို့သို့ ခေါ်ဆောင်သွားပြန်သည်။ ယိုးဒယားဦးစံတုတ်ထံ အပ်နှံ၍ ယိုးဒယား အက သင်စေပြန်သည်။ ယိုးဒယားအကမှာ မောင်ဖိုးထွန်းနှင့် အလွန်အဆင်ပြေသည်။ သေးသေးသွယ်သွယ် ရှည်ရှည်ဖြစ်၍ ယိုးဒယားအကနှင့်အံဝင် ခွင်ကျ ဖြစ်နေသည်။ မင်းသားတို့အတတ်တွင် ဓားထမ်း၊ တုတ်ထမ်းမှာ လွန်စွာ အရေးပါသည်။ မောင်ဖိုးထွန်းသည် ဓားထမ်း၊ တုတ်ထမ်းတွင် သူမတူအောင် ကျွမ်းကျင်သည်။ ယိုးဒယား အကကိုလည်း ပိုင်နိုင်သည်။ ခေတ်နှင့်ဝင်ဆံ့သော ယိုးဒယားသစ်ကို တီထွင်နိုင်ခဲ့သည်။ ကြည့်ရှုရ အလွန်ကောင်း သဖြင့် သဘင်ပညာရှင်ကြီးများကပင် ချီးမွမ်းရသည်။
ဇာတ်သဘင်ပညာကို ဆက်လက်ဆည်းပူးနိုင်ရန်အတွက် မန္တလေးမြို့သို့ သွားရောက်ခဲ့သည်။ အဆင်မပြေသဖြင့် မင်းသားမဖြစ်ခဲ့။ ဆိုင်းအဖွဲ့တွင် ကြေးနောင်ကိုသာ တီးခဲ့ရသည်။ မောင်ဖိုးထွန်းခမျာ စိတ်လေကာ ကက်ဝိုင်း တွင်သာ အချိန်ကုန်ခဲ့သည်။ ကက်ဝိုင်းကြောင့် အညောင်းမိကာ ထုံနာကျင်နာ စွဲကာ လပေါင်းများစွာ ခံစားခဲ့ရသည်။ ရောဂါပျောက်ကင်းသည့်တိုင် ကျွတ်သွားသောဆံပင်များ ပြန်မပေါက်သဖြင့် မောင်ဖိုးထွန်းခမျာ ကတုံးရိတ်လိုက် ရသည်။ မန္တလေးကိုစိတ်နာကာ မန္တလေးမှထွက်ခွာခဲ့သည်။ နေရပ်ပြန်ရန်လည်း အခြေမလှ။ မိတ်ဆွေအပေါင်း အသင်းအချို့နှင့် မော်လမြိုင်မြို့သို့သွားရောက်ကာ ဇာတ်အဖွဲ့တစ်ဖွဲ့မှဆိုင်းဝိုင်းတွင် ကြေးနောင်ဝင်တီးခဲ့သည်။
ထိုဇာတ်အဖွဲ့ မော်လမြိုင်တွင်ကပြစဉ် တစ်ညပွဲထွက်ခါနီးရောက်မှ မင်းသားပျောက်သွားသဖြင့် မောင်ဖိုးထွန်းမှာ မမျှော်လင့်ဘဲမင်းသားအစား ထွက်ကရသည်။ မင်းသားအတု၊ သျှောင်အတုဖြင့် မင်းသားအက ကပြနေသော မောင်ဖိုးထွန်းကို ပွဲကြည့်ပရိသတ်များက ဇဝေဇဝါ ဖြစ်နေသည်။ ဤတွင် အကင်းပါးသော မောင်ဖိုးထွန်းက ကကြိုးအဆုံးတွင်
“ရွှေပွဲလာ မင်းကဝိတို့ခင်ဗျား။
ကျွန်တော်ကို ကြည့်ပြီးတော့၊
အမုန်းအငြင်းမပွားကြပါနှင့်၊
နှလုံးအတွင်းသားက-
အပြုံးအရင်း ထားလိုက်ကြပါတော့၊
ကျွန်တော်ဟာဖြင့် ကတုံးမင်းသား။”
ထိုသီချင်းကို ရုတ်တရက်ရွတ်ဆိုကာ သျှောင်ပုံကို ချွတ်ပြလိုက်သည်။ ပရိသတ်မှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ “စိန်ကတုံးကွ-ဖန်ကတုံးကွ” ပွဲကြည့်ပရိသတ်က အော်ဟစ်၍ ဩဘာပေးသည်။
အကကောင်းကြောင်း၊ အဆိုပိုင်ကြောင်း၊ မင်းသားလုပ်လျှင် ပထမတန်း မင်းသားဖြစ်နိုင်ကြောင်း အမျိုးမျိုး ဝေဖန်ပြောဆိုကြသည်။ ထိုညမှစ၍ မောင်ဖိုးထွန်းမှာ မင်းသားစိန်ကတုံးဖြစ်မှန်းမသိ ဖြစ်သွားတော့သည်။ ပွဲကြည့် ပရိသတ်၏ တောင်းဆိုချက်ကြောင့် နောက်ညတွင်လည်း စိန်ကတုံးကိုပင်ဆက်၍ ပွဲထုတ်ခဲ့ရသည်။ စိန်ကတုံးမှာ တစ်ပွဲထက် တစ်ပွဲတိုးတက်ကောင်းမွန်ကျော်ကြားလာသည်။ ပွဲကရင်း၊ ကက်ဆွဲရင်း ဆံပင်များ ပြန်ရှည်လာသော် လည်း စိန်ကတုံးအမည်မှာ ပျောက်ကွယ်မသွားတော့ပေ။ သူကိုယ်တိုင်ကလည်း ပရိသတ်ကပေးထားသော အမည်ကို မြတ်နိုးစွာပင် လက်ခံထားခဲ့သည်။
မော်လမြိုင်မှ စတင်ပွဲထုတ်ပေးလိုက်သော မင်းသားစိန်ကတုံးသည် ပိုမိုကျော်ကြားလာသည်။ ၁၂၇၅ ခုနှစ်မှစတင်၍ ယောက်ျား မင်းသမီး အောင် ဗလနှင့် တွဲဖက်ကပြသည်။ စိန်ကတုံး၏ ပထမဆိုင်းဆရာကြီးမှာ အလင်္ကာ ကျော်စွာဦးဟန်ပ ဖြစ်သည်။ ထို့နောက် ဆိုင်းဆရာကြီး စိန်ဗေဒါနှင့်တွဲသည်။ စိန်ကတုံးနှင့် စိန်ဗေဒါမှာ အလွန်လိုက်ဖက်ညီသော အတွဲဖြစ်သည်။ မင်းသားစိန်ကတုံး အကကောင်းသလောက် စိန်ဗေဒါလိုက်ကောင်း နိုင်သည်။ စိန်ဗေဒါ အတီးကောင်းသလောက် စိန်ကတုံးလိုက်ကောင်းနိုင်သဖြင့် ပိုမိုကျော်ကြားလာသည်။ စိန်ကတုံးပွဲကျအောင် ကလျှင် စိန်ဗေဒါကလည်း ပွဲကျအောင်တီးနိုင်သည်။ စိန်ကတုံးမှာ အဆိုအက လွန်စွာ နိုင်နင်းသူဖြစ်သည်။ သူ့အဆို၊ သူ့အကမျိုးကို မည်သူမျှတုပ၍မဆိုနိုင်။ တုပ၍ မကနိုင်။
လွန်ခဲ့သော နှစ်ပေါင်း ၁၂၀ ဝန်းကျင်နှစ်များ ၁၂၅၀-၁၂၇၅ (ခရစ်နှစ် ၁၈၈၃-၁၉၁၃) ကာလများသည် ညောင်တုန်း မြို့၏ ရွှေခေတ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ အထက်အောက်ကုန်စည်ဖလှယ်ရာ ကြက်ပျံမကျ စည် ကားသော ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ မွန်အခေါ် ဉာဏ်ထိုင်းဖြစ်ခဲ့သဖြင့် ဉာဏ်ဟူသည်မှာ လှေငယ်တက်စင်း၊ ထိုင်းဟူသည်မှာ စည်ကားရာအရပ်၊ “ဉာဏ်ထိုင်း”မှာ လှေငယ်တက်စင်းတို့ဖြင့် စည်ကားရာအရပ် (လှေဆိပ်ရွာ) ဟု အဓိပ္ပာယ်ရသည်။ ညောင်တုန်းဆိုသည်မှာ ဉာဏ်ထိုင်းမှ ရွေ့လျောပြောင်းလဲလာသည်ဟု အချို့ကဆိုခဲ့ကြပါသည်။
ထိုခေတ်ထိုအချိန်က ဇာတ်မင်းသားကြီး ဦးစိန်ကတုံးသည်လည်း နာမည်ကျော်ကြားနေသော အချိန်အခါဖြစ်သည်။ ထွန်းတောက်နေသော အချိန်အခါ ဖြစ်သည်။ မြန်မာနိုင်ငံ အရပ်ရပ်မှ ပွဲကြည့်ပရိသတ်က မင်းသားစိန်ကတုံးအား ချီးမြှင့်သော ရွှေတံဆိပ်ပေါင်းမှာ ၈၀ ကျော်သည်။ မင်းပွဲများတွင် ကပြရသဖြင့် အင်္ဂလိပ်အစိုးရက ချီးမြှင့်သော ရွှေတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်များမှာ များပြားလှသည်။ အိန္ဒိယဘုရင်ခံချုပ်နှင့် ဘုရင်ခံချုပ်ကတော် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့စဉ်က ကန်တော်ကြီး ရေသဘင်ပွဲ၌ မင်းသားစိန်ကတုံးသည် ကရဝိက်ဖောင်နှင့် လှည့်လည်ကပြခဲ့ရသည်။ ဘုရင်ခံချုပ်ကတော်က မင်းသားစိန်ကတုံးအား ရွှေနာရီတစ်လုံး၊ ဘုရင်ခံချုပ်က စီစီအက်စ်ဘွဲ့ နှင့် ရွှေတံဆိပ် အပြင် ခြောက်လုံးပြူးသေနတ်တစ်လက်ကိုပါ ဆုအဖြစ် ချီးမြှင့်ခဲ့သည်။
ဇာတ်မင်းသားကြီး စိန်ကတုံးသည် ညောင်တုန်းမြို့တွင် ဗုဒ္ဓရုပ်ပွားတော် ကြီးတစ်ဆူတည်ထားကိုးကွယ်ရန် လိုလားခဲ့သည်။ ညောင်ဝိုင်းပိုင်း သီရိမဟာ ပုညဓဇအသင်းမှ ဦးရွှေအံ၊ ဦးရွှေဇံ၊ ဦးဖိုးချစ်၊ ဦးမောင်ခိုင်၊ ဦးဖိုးသာ၊ ဦးမောင်တက်၊ ဦးမောင်လေး စသူတို့နှင့် တိုင်ပင်ခဲ့သည်။ ထိုသူတို့နှင့်ပင် ဒါယကာ၊ ဒါယိကာမများ စုပေါင်းကာ ညောင်တုန်းမြို့ ရွှေဟင်္သာတောရဆရာတော်များနှင့် ညောင်တုန်းမြို့ပေါ်ရှိ ဆရာတော်များ၏ ဩဝါဒခံယူကာ ညောင်ဝိုင်းပိုင်းသီ မဟာပုညဓဇအသင်း (ရွှေကျင်ဝိနည်းစာတော်ပြန်) ဓမ္မာရုံ၏ အရှေ့ဘက်တွင် ရှိသော ဗိုလ်ချုပ်လမ်းမြေကွက်ပေါ်တွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခရစ်နှစ် ၁၉၁၃ ခုနှစ်တွင် နိုင်ငံအေးဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို စတင်တည်ထား ကိုးကွယ်ခဲ့ပါသည်။ ထိုမြေမှာ ရန်ကုန်ကျောင်းတိုက်ပထမဆရာတော်ကြီး ပိုင်ဖြစ်ပြီး ဆရာတော်ကြီးကလည်း မြေကိုရက်ရောစွာ လှူဒါန်းပေးခဲ့သည်။
နိုင်ငံအေးဗုဒ္ဓရုပ်ပွားတော်ကြီးကို စတင်တည်ထားကိုးကွယ်ရန် ဇာတ်မင်းသားကြီး ဦးစိန်ကတုံးက ငွေသား ကျပ် ၆၀၀၀ မတည်လှူဒါန်းခဲ့သည်။ ထိုစဉ်က ရွှေဒင်္ဂါးတစ်ကျပ်သား ၂၅ ကျပ်သာပေးရသော အချိန်အခါဖြစ်ပါသည်။ ယနေ့ခေတ် ရွှေတစ်ကျပ်သား ၁၀ သိန်းဆိုလျှင်ပင် ငွေကျပ် သိန်း ၂၄၀၀ ကျော်ခန့်ပင် ဖြစ်နေပေပြီ။ ထို့ပြင် ဇာတ်မင်းသားကြီး ဦးစိန်ကတုံး သည် ဗုဒ္ဓရုပ်ပွားတော်ကြီး အမြန်ပြီးစီးစေရေးအတွက် ငွေကြေးတတ်နိုင် သူများကို လည်း ပါဝင်လှူဒါန်းရန် စည်းရုံးတိုက်တွန်းခဲ့သည်။ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံအနှံ့ ဇာတ်ပွဲလှည့်လည် ကပြအပြီး၊ နောက်ဆုံးအချီ ပွဲသိမ်းအဖြစ်ကပြရသော ပွဲစဉ်မှရရှိသော ငွေများကိုလည်း သုံးနှစ်ဆက်တိုက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းခဲ့သည်။
မူလက ဦးစိန်ကတုံးအား ဂုဏ်ပြုသောအားဖြင့် “စိန်ကတုံးဘုရား” ဟု ခေါ်ဆိုခဲ့ကြသည်။ ထို့နောက် ကမ္ဘာ့နိုင်ငံ အသီးသီး အေးချမ်းသာယာ ဝပြောမှုရှိစေရန် ရည်ရွယ်လျက် “နိုင်ငံအေးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟု ဘွဲ့ အမည် သတ်မှတ်ကမ္ပည်းတင်ခဲ့ကြသည်။ ဉာဏ်တော်အမြင့်မှာ ၄၈ ပေရှိ ကြီးမားသော ရုပ်ပွားတော်ကြီးဖြစ်သည်။ တန်ဆောင်းတော်ကြီးမှာလည်း ရှေးကတည်ဆောက်ထားသော လက်ရာဖြစ်သော်လည်း ဂေါပကအဖွဲ့များ၏ ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် ယနေ့တိုင် အခိုင်အမာတည်ရှိလျက်ရှိသည်။ ဇာတ်မင်းသားကြီး ဦးစိန်ကတုံး မတည်လှူဒါန်းကုသိုလ်ဖြင့် တည်ဆောက်ကိုးကွယ်ခဲ့သော နိုင်ငံအေးဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ညောင်တုန်းမြို့ရှိ အထင်ကရ ဘုရားစေတီများအနက် အထင်ကရဗုဒ္ဓရုပ်ပွားတော်တစ်ဆူအဖြစ် အထွတ်အမြတ်ထား ကိုးကွယ် လျက်ရှိရာ အနယ်နယ်အရပ်ရပ်မှဘုရားဖူးခရီးသည်များလည်း အစဉ်ဝင်ရောက်ဖူးမြော် နိုင်လျက်ရှိပါသည်။
မင်းသားစိန်ကတုံး၏ နောက်ဆုံးနှစ်
၁၂၉၂ ခုနှစ်သည် မင်းသားစိန်ကတုံး၏ နောက်ဆုံးနှစ်ပင် ဖြစ်ပါတော့သည်။ ထိုနှစ်တွင် မြန်မာပြည်အနှံ့ တစ်မြို့ကြီးတစ်မြို့ လှည့်လည်ကပြပြီး မုံရွာမြို့တွင် ကပြရန်ရောက်ရှိခဲ့သည်။ မုံရွာတွင် ကပြမည့်ရက်ကို တစ်ပတ် ကြိုတင်ကြေညာခဲ့ရသည်။ မင်းသားစိန်ကတုံးဟုဆိုလျှင် ရုံပြည့်ရုံလျှံကြည့်ရှု အားပေးမြဲဖြစ်သည်။ နှစ်ပါးသွား မထွက်မီ ရုံဖွင့်ရသည်က များသည်။
ကပြမည့်ရက်တွင် တစ်မြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ ပွဲကြည့်ရန် ရောက်ရှိနေသောလှည်းတပ်ကြီးမှာ အထူးများပြားလှသည်။ ထိုအချိန်တွင် သူတို့၏ အချစ်တော်မင်းသား စိန်ကတုံးမှာ အသည်းအသန် ဖြစ်နေရှာသည်။ ဆရာဝန်ကြီးများဖြင့် ဆေးကုသနေရသည်။ ပွဲကမည့်အချိန်တွင် ထူထောင်ထောင် သက်သာလာသည်။ ဆရာဝန်ကြီး များက မင်းသားစိန်ကတုံးအား မကသေးရန် တားမြစ်ထားသည်။ မင်းသားစိန်ကတုံးမှာ သူ့အပေါ်မေတ္တာ စေတနာထား၍ အုတ်အုတ်ကျက်ကျက် တစ်ခဲနက်ရောက်ရှိနေသော ပရိသတ်ကို အားနာနေသည်။ ပရိသတ်ကျေနပ်
အောင် အနည်းငယ် ကပြရန် သူဆုံးဖြတ်ခဲ့သည်။ ပရိသတ်က “မကနိုင်လျှင် မကပါနှင့် လူထွက်ပြလျှင် ကျေနပ်ပါတယ်” ဟု တောင်းဆိုခွင့်လွှတ်ကြသော်လည်း မင်းသားမှာ ကဖြစ်အောင် ကခဲ့သည်။
ထိုညက ကပြခဲ့သောဇာတ်လမ်းမှာ မင်းသားစိန်ကတုံးအား နတ်မြင်းပျံ ဖြင့် ကောင်းကင်သို့ ပျံတက်သွားသောအခန်း ပါဝင်သည်။ ထိုကကွက်မှာ အလွန်ကြည့်ကောင်းလှသဖြင့် လူကြိုက်များခဲ့သည်။ စက်ကြိုးယန္တရားနှင့် အကကို မင်းသားစိန်ကတုံး တီထွင်ထားခြင်းဖြစ်သည်။ ထိုအကမှာ ကြည့်ကောင်းသော်လည်း ကပြသူမှာ အလွန်ပင်ပန်း သည်။ မင်းသားစိန်ကတုံးမှာ ဇွဲသန်သူဖြစ်လေရာ ဟန်ပြကပြခြင်းမျိုးမဟုတ်တော့ဘဲ တကယ်ပင် အပင်ပန်းခံ ကပြခဲ့ရာ ထိုညသည်ပင်လျှင် သူ၏ နောက်ဆုံးည ဖြစ်သွားရပါတော့သည်။ ။
ကိုးကား - ဆရာဦးသော်ဇင်၏ ဦးစိန်ကတုံး


