နေပြည်တော် ၁ ဧပြီ
ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာလုံခြုံရေးကြီးကြပ်မှု ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရေကြောင်း၊ သင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာလုံခြုံရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေကြောင်း၊ သင်္ဘောနှင့်ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးကြီးကြပ်မှု ကော်မတီဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းခဲ့ရခြင်းအကြောင်း၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို အထူးအာဏာပိုင်အဖွဲ့အစည်း (Designated Authority)အဖြစ် သတ်မှတ်တာဝန်ပေးမှုများကို ရှင်းလင်းပြောကြား၍ ရေကြောင်းဘက်ဆိုင်ရာလုံခြုံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ပူးပေါင်းဆောင် ရွက်ရေးနှင့် သတင်းအချက်များဝေမျှနိုင်ရေးဝိုင်းဝန်းဆွေးနွေးပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ရေကြောင်း၊ သင်္ဘောနှင့်ဆိပ်ကမ်း ဆိုင်ရာလုံခြုံရေး ကြီးကြပ်မှု ကော်မတီ၊ အတွင်းရေးမှူး၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥပဒေပြဋ္ဌာန်းချက်များ၊ ရေကြောင်း၊ သင်္ဘောနှင့်ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးကြီးကြပ်မှု ကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ရေကြောင်း၊ သင်္ဘော နှင့် ဆိပ်ကမ်းလုံခြုံရေးဆိုင်ရာ အထူးအာဏာပိုင် အဖွဲ့အစည်း(Designated Authority) ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများကနိုင်ငံတကာနှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာမျက်မှောက်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကော်မတီ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍လည်းကောင်း၊ ဌာနအလိုက် ဆောင်ရွက်လျှက်ရှိသည့် ကိစ္စများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းပြီး အပြည်ပြည် ဆိုင်ရာ သွားသင်္ဘောများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)


