ဝက်လက် ၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာတွင် ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲတွင် တောမီးမှတစ်ဆင့် ကြက်ခြံအဟောင်းတစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲက ရွှေကျင်ကျေးရွာတွင် မီးလောင်နေကြောင်း တယ်လီဖုန်း သတင်းအရ ဝက်လက်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်နိန် ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှတောနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ ရဲတပ်ဖွဲ့ဝင်(၆)ဦး၊ ပြည်သူ(၃၀ဝ)ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုအကြောင်းအရင်းမှာ တောမီးမှတစ်ဆင့် လယ်တောကွင်း(၅)ဧကခန့်နှင့် ဒေါက်တာမျိုးလှိုင်ဦး ပိုင်ဆိုင်သည့် (၁)နှစ်ခန့် အသုံးမပြုသော (ပေ ၁၆၀၊ ၂၄ ပေ) ဝါးကပ်မိုး၊ ဝါးခြမ်းခင်း၊ အကာမပါ ကြက်ခြံအဟောင်းတို့ မီးကူးစက်လောင်ခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံအဟောင်း မီးလောင်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


